ရန်ကုန်မြို့တော်တွင် ကျင်းပမည့် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု
ကြေညာစာတမ်း အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေးတွင် ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် များ
ဖော်ဆောင်ရေး ကော်မတီ (အထက်ဗမာပြည်)က ကြီးလေးကြီး တွေ့ဆုံရေး အပါအဝင်
အချက်ခြောက်ချက် တင်ပြသွားမည် ဖြစ်ကြောင်း ယင်းကော်မတီ
ပြန်ကြားရေးကော်မတီဝင် ဦးသန့်စင်က ပြောကြားသည်။
မန္တလေးမြို့တော်
မဟာအောင်မြေ မြို့နယ် ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း မစိုးရိမ်
ကျောင်းတိုက်တွင် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) က ပြုလုပ်သော
အဆိုပါကော်မတီ လူထုတွေ့ဆုံပွဲတွင် ၄င်းက အထက်ပါအတိုင်း
ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။
ရန်ကုန်မြို့ အစည်းအဝေးတွင် အထက်ဗမာပြည် ကော်မတီက တင်ပြသွားမည့် အချက်များမှာ
(၁) NLD က တင်ပြကမ်းလှမ်း ထားသည့် ကြီးလေးကြီး တွေ့ဆုံရေး ဖြစ်မြောက် လာစေရန် တိုက်တွန်းသည့် သဘောထား ထုတ်ပြန်တင်ပြခြင်း
၊
(၂) ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များသည် နိုင်ငံရေးမူဘောင် ဖြစ်သင့်ကြောင်း တင်ပြခြင်း၊
(၃) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် NLD ပါတီသွားနေသည့်
နိုင်ငံရေးလမ်းကြောင်းနှင့် ဆန့်ကျင်သွေဖည်မှုများ ရှိလာလျှင် လူထုအမြင်
မှားနိုင်သောကြောင့် ယင်းလုပ်ဟန်မျိုးများ ရှောင်ရှားသွားနိုင်ရန်
တင်ပြခြင်း၊
(၄) တစ်ပြည်လုံး ကော်မတီ၌ ပူးပေါင်းပါဝင်သွားမည်
ဖြစ်ပြီး အထက်ဗမာပြည် ၌လည်း ကော်မတီတစ်ရပ် ဖွဲ့၍ အင်အားဖြည့်
လုပ်ဆောင်သွားမည့် အကြောင်း တင်ပြခြင်း၊
(၅) ဘဏ္ဍာငွေ ရှာဖွေရာတွင်
လူထု နားလည်မှုလွဲနိုင်သည့် အလှူခံမှုများ နှောင်ကြိုးမဲ့သည့် အလှူခံမှုများ
ဖြစ်ရန်နှင့် ရိုးသား သန့်ရှင်းသည့် အလှူငွေများ ဖြစ်ရန် တင်ပြခြင်းနှင့်
(၆) ညီလာခံကျင်းပမည့် ကာလနှင့် ကြာညောင်းမည့် အပိုင်းအခြားသည် ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို အချိန်ဆွဲ
လမ်းကြောင်းလွှဲစေသည့် သဘောမျိုး မဖြစ်စေရန် တင်ပြခြင်းတို့ ဖြစ်ကြောင်း
ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီ (အထက်ဗမာပြည်)
ထံမှ သိရှိရသည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု
ကြေညာစာတမ်း အကောင်အထည် ဖော်ဆောင်ရေး စုံညီအစည်းအဝေးကို ရန်ကုန်မြို့
ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၄ ခုနှစ်
ဇန်နဝါရီလ ၁၁ ရက် ၁၂ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ
ပြုလုပ်မည်ဖြစ်သည်။
ယင်းစုံညီ အစည်းအဝေးမှ ရှစ်လေးလုံး ဒီမိုကရေစီ
အရေးတော်ပုံ ငွေရတုကြေညာ စာတမ်းပါ ကြေညာချက်သုံးရပ်ကို အကောင်အထည်ဖော်ရေး
အတွက် ပြင်ဆင်ညှိနှိုင်းရေး အလုပ်အဖွဲ့က စုစည်းထားချက်များ အပေါ် အခြေခံ၍
လုပ်ငန်းကော်မတီ တစ်ရပ် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြင်ဆင်ညှိနှိုင်းရေး
အလုပ်အဖွဲ့ထံမှ သိရသည်။
ယင်းအပြင် ကော်မတီက ပြည်ထောင်စု ညီလာခံ
ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား အင်အားစုများ၊ ပြည်ထောင်စုအစိုးရ၊
ပြည်ထောင်စုလွှတ်တော်နှင့် တပ်မတော် အပါအဝင် အမျိုးသားအင်အားစု အားလုံးနှင့်
ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရန်၊ အနာဂတ် နိုင်ငံရေးတွင်
ပြည်ထောင်စုညီလာခံ၏ အရေးပါမှုကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး
ပိုမိုသိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် စသည့်
ရှေ့လုပ်ငန်းစဉ် (မူကြမ်း) များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
အဆိုပါကော်မတီထံမှ သိရှိရသည်။
The Voice Weekly
No comments:
Post a Comment