Pages

28.1.14

အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အလုပ်အကိုင် အခွင့်အလမ်းပြပွဲများ ပြုလုပ်ရန်စီစဉ်

အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ပြုလုပ်ရန် စီစဉ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲများကို ရန်ကုန်တိုင်းဒေသကြီးတွင်သာမက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် မကွေးတိုင်းဒေသကြီးနှင့်

မန္တလေးတိုင်းဒေသကြီးတို့တွင် ဒေသခံများ အလုပ်အကိုင်ရရှိစေရန်ရည်ရွယ်ပြီး ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

"မကွေးမှာ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲလုပ်ဖို့ စီစဉ်နေတယ်။ ဘယ်တော့လုပ်ဖြစ်မှာဆိုတာ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ကတော့ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ပြပွဲတွေကို အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတဲ့ နယ်ဒေသတွေမှာ ပိုလုပ်စေချင်တယ်။ အဲဒီမှာ အလုပ်အကိုင်တွေ ပိုရှားတယ်လေ" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာနသည် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းသာမက ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်ရန် ဖန်တီးပေးလျက်ရှိပြီး ကျေးလက်နှင့် မြို့ပြပါမကျန် အလုပ်ရှင်နှင့် တိုက်ရိုက်ဆက်သွယ် အလုပ်လျှောက်ထားနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် သုခစုစံသင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အလုပ်အကိုင် အခွင့်အလမ်းပြပွဲများ၌ လာရောက်အလုပ်လျှောက်ထားသူများကို One stop Service စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ လျှောက်ထားသူများအနက် ၇၅ ရာခိုင်နှုန်းခန့်မှာ အလုပ်အကိုင်ရရှိခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment