မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသမီးများ
ပညာသင်ကြားခွင့်ရရှိရေး လှုပ်ရှားသူ ပါကစ္စတန်ကျောင်းသူ မာလာလာတို့
အိန္ဒိယနိုင်ငံ Pune မြို့၌ ကျင်းပမည့် ကျောင်းသားညီလာခံ၌ ဇန်န၀ါရီ ၁၀
ရက်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း India Today သတင်းစာ၏ ဖော်ပြချက်အရ
သိရသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် မာလာလာတို့သည် အိန္ဒိယနိုင်ငံ Maharashtra
Institute of Technology က ကြီးမှူး၍ သုံးရက်ကြာ ကျင်းပမည့်
အိန္ဒိယကျောင်းသားများ ညီလာခံဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
အိန္ဒိယ ကျောင်းသားညီလာခံ ကျင်းပရေး တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင်
"မာလာလာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အိန္ဒိယအမျိုးသားညီလာခံ
မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်" ဟု ပြောကြားသည်။
တာလီဘန်တို့အား
တော်လှန်အာခံခဲ့သူ မာလာလာသည် အမျိုးသမီးများ ပညာသင်ကြားရေး၊
လူငယ်များအကြား နိုင်ငံရေးအရေးပါမှု အစရှိသည်တို့နှင့် ပတ်သက်၍
သူမ၏အမြင်များကို မျှဝေပြောကြားမည် ဖြစ်သည်ဟု သိရသည်။
အသက် ၁၆
နှစ်အရွယ် မာလာလာသည် အမျိုးသမီးများ ပညာသင်ကြားခွင့် ရရှိရေးနှင့် ပတ်သက်၍
လှုံ့ဆော်ခဲ့သူဖြစ်ပြီး ၎င်းအား ၂၀၁၂ ခုနှစ်တွင် တာလီဘန် အကြမ်းဖက်သမားများက
ကျောင်းကားပေါ်၌ ပစ်ခတ်လုပ်ကြံခဲ့သည်။ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးခေါင်းတွင်
ဒဏ်ရာရရှိ ခဲ့သော်လည်း မာလာလာသည် တစ်ကမ္ဘာလုံး၏ လေးစားမှုနှင့်
နာမည်ကြီးလာခဲ့သည်။
အိန္ဒိယကျောင်းသား ညီလာခံသည် နိုင်ငံရေးကဏ္ဍသို့
စွန့်စားဝင်ရောက်လိုသည့် ကျောင်းသားများအတွက် အခြေခံ အဆောက်အအုံဖြစ်ပြီး
ယခုလို ကမ္ဘာ့နာမည်ကြီး ပုံရိပ်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့်
မာလာလာတို့အား ဖိတ်ခေါ်ခဲ့ခြင်းမှာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွင်
လူငယ်များကို အကူအညီပေးရန်နှင့် လမ်းညွှန်ပြသပေးရန် ဖြစ်သည်ဟု သိရသည်။
Eleven Media Group
No comments:
Post a Comment