၂၀၁၂ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ဆု ကိုးဆုသာ ချီးမြှင့်ပြီး သုံးဆုကျန်ရှိနေခြင်းနှင့်
ပတ်သက်၍ အကယ်ဒမီထူးချွန်ဆုအတွက် ဒုတိယအဆင့် စိစစ်အကဲဖြတ်ရေးအဖွဲ့က
ဇန်န၀ါရီ ၂ရက်၌ ရှင်းလင်းချက် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသားဇာတ်ပို့ဆုများကို အကယ်ဒမီဆုပေးအပ်ရန်
စိစစ်အကဲဖြတ်ရေး အဖွဲ့ဝင်အရေအတွက်ထက် ဆန္ဒမပြုသူ အရေအတွက်က
ပိုများပြားနေသောကြောင့် အကယ်ဒမီဆု မချီးမြှင့်ခြင်းဖြစ်သည်ဟုဆိုသည်။
ရုံတင်ပြသခဲ့သော ရုပ်ရှင် ၁၇ ကား ကို အခြေခံစိစစ်အကဲဖြတ်ရေးအဖွဲ့ဝင် ၁၇
ယောက် စိစစ်ကာ ခုနစ်ကား ရွေးချယ်ပေးခဲ့ပြီး ဒုတိယအဆင့် စိစစ်အကဲဖြတ်ရေး
အဖွဲ့ဝင် ၁၇ ဦးက ဆုရဇာတ်ကားများကို
ရွေးချယ်ခဲ့သည်။
““ဒီနှစ်မှာ အကဲဖြတ်အဖွဲ့ဝင်တွေကို တစ်ခုမေးလိုက်တယ်။ ထိုက်တန်မှ ပေးမလား။
ဒီနှစ်အတွက် အကောင်းဆုံးကိုပေးမလားဆိုတော့ ထိုက်တန်မှပေးတာ
ကောင်းပါတယ်ဆိုပြီး အကဲဖြတ် နှစ်ဖွဲ့လုံးက အဲဒီအသံထွက်တော့
ထိုက်တန်တဲ့ဆုကိုပဲ ပေးတာပါ။ အဲဒီသဘောဖြစ်သွားတာပေါ့””ဟု
အခြေခံစိစစ်အကဲဖြတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းကပြောသည်။
ထူးချွန်ဆုရွေးချယ်ရာတွင် ပေးအပ်မည့်ဆု ၁၁ ဆုလုံးကို
မဖြစ်မနေပေးရန်မလိုအပ်ဘဲ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ
အရည်အချင်းပြည့်မီပြီး ရသင့်ရထိုက်သူများကိုသာ
မှန်မှန်ကန်ကန်ရွေးချယ်ပေးကြရန် မူတစ်ရပ်ချမှတ်ထားသည်။
အကယ်ဒမီထူးချွန်ဆုများ ရွေးချယ်ရာ၌ စိစစ်အကဲဖြတ်ရေး နှင့် ပတ်သက်သည့်
စည်းမျဉ်းစည်းကမ်းချက်များ၏ အားနည်းချက်များကိုလည်း
ပြန်လည်ပြင်ဆင်သွားမည်ဟု သိရသည်။
အကယ်ဒမီစည်းမျဉ်း၏ အားနည်းချက်များကို ပြင်ဆင်၍ ၂၀၁၃ ခုနှစ်အတွက် ရုံတင်ပြသခဲ့သော ဇာတ်ကားများထဲမှ အကောင်းဆုံးအကယ်
ဒမီထူးချွန်ဆုကို စတင်ရွေးချယ်ပေးသွားမည် ဖြစ်သည်။
၂၀၁၃ ခုနှစ် အကယ်ဒမီရွေးချယ်ဆောင်ရွက်ခွင့်များကို
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပထမဆုံး ပြုလုပ်ခွင့်ရရှိခြင်းဖြစ်ပြီး ယခင်နှစ် အကယ်ဒမီပွဲများကို ပြန်ကြားရေးဝန်ကြီးဌာန
မြန်မာ နိုင်ငံရုပ်ရှင်လုပ်ငန်းက ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၁၉၅၂ ခုနှစ်က စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး
၂၀၁၂ ခုနှစ် အကယ်ဒမီပွဲအပါအ၀င် (၅၆)ကြိမ် ပေးအပ်ခဲ့ပြီးဖြစ်သည်။ ၁၉၅၂
ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သော အကယ်ဒမီပေးပွဲတွင် ဇာတ်ကားဆု၊
အမျိုးသားပညာသည်ဆု၊ အမျိုးသမီးပညာသည်ဆုဟူ၍ စတင်ပေးအပ်ခဲ့ပြီး
နောင်နှစ်များတွင် ထပ်မံတိုးချဲ့ကာ ၁၁ ဆု အထိ ပေးအပ်ခဲ့သည်။
၁၉၇၂ခုနှစ်တွင် ဒါရိုက်တာဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ၁၉၇၄ ခုနှစ်တွင်
အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆုနှစ်ဆုသာ ချီးမြှင့်သော
နှစ်များရှိခဲ့သည်။
7Day Daily
No comments:
Post a Comment