အစိုးရတပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံးတို့အကြား တပ်နေရာ ချထားရေးများ အကောင်အထည်ဖော် ဆောင်ရွက်ရန်
သက်ဆိုင်ရာနယ်မြေ တာဝန်ခံများကို ညွှန်ကြားမည်ဟု တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု
ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက
ဇန်န၀ါရီ ၆ ရက်တွင် ပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသား အစည်းအရုံး
ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့တို့သည် ဇန်န၀ါရီ
၅ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌
တွေ့ဆုံခဲ့ပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ အပါအ၀င်
နှစ်ဦးနှစ်ဖက် မကြာခဏ ထိတွေ့ဆက်ဆံမှု ပြုလုပ်ရေးတို့ ကို ဆွေးနွေးခဲ့သည်ဟု
ကာကွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါတွေ့ဆုံမှုတွင် နှစ်ဖက်တပ်
နေရာချထားရေး ကိစ္စများကို ဆွေးနွေးခဲ့သည့်အပြင် တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်က နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးအပေါ်
မူတည်ပြီး ၎င်း၏အမြင်များကို ပြောကြားခဲ့သည်ဟု ပဒိုစောကွယ်ထူးဝင်းက
ပြောကြားသည်။
ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ လွန်ခဲ့တဲ့
ဒုတိယအခေါက် တွေ့ပြီးတဲ့ နောက်ပိုင်းမှာ ဒီတပ်နေရာ ချထားရေးကိစ္စကို
ကျွန်တော်တို့ ဆွေးနွေးတော့ တပ်ချုပ်က သူ့သက်ဆိုင်ရာ နယ်မြေတာဝန်ခံတွေကို
ပြန်ပြီးတော့ တာဝန်ပေးလိုက်တာပေါ့။ ဒါပေမဲ့ ဒီကြားကာလထဲမှာ မလိုလားအပ်တဲ့
အဖြစ်အပျက်တွေ ဖြစ်ခဲ့တဲ့အပေါ်မှာ နည်းနည်းနှောင့်နှေးခဲ့တဲ့ သဘောရှိတယ်။
အခုကတော့ အဲဒီကိစ္စကို ပြန်ပြီးတော့ ဆွေးနွေးတယ်။ ဒါကို ဆက်ပြီးတော့
အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို သူဆက်ပြီးတော့
တာဝန်ပေးမယ်၊ ညွှန်ကြားမယ်လို့ ပြောတယ်။ ကျွန်တော်တို့ ဆက်ပြီးတော့
ညှိနှိုင်းဆောင်ရွက် သွားမှာပါ။ အောက်ခြေမှာတော့ ဆွေးနွေးရမှာပေါ့” ဟု
ပြောကြားသည်။
နှစ်ဖက်တပ်များအကြား လက်နက်ကိုင် ပဋိပက္ခများ
ထိတွေ့မှုမရှိစေရန် နီးကပ်သည့် ဒေသများတွင် တပ်နေရာ ချထားမှုများ၊
လူထုအတွင်း၌ မလိုအပ်ဘဲနဲ့ တပ်နေရာချထား မှုများကို ရွှေ့ပြောင်းရန်နှင့်
အမှန်တကယ် လုံခြုံရေးအတွက် လိုအပ်သည့် တပ်နေရာ ချထားရေးများ ဆောင်ရွက်ရန်
နှစ်ဖက်ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“ပြည်တွင်းငြိမ်းချမ်းရေး သွားတဲ့နေရာမှာ ကျွန်တော်တို့ စေတနာရှိရှိနဲ့
မှန်မှန်ကန်ကန်နဲ့သွားဖို့ လိုအပ်တယ်လို့ တစ်ဖက်က သူ့ရဲ့တာဝန်အရ
နိုင်ငံတော်လုံခြုံရေး၊ ပြည်သူလူထုရဲ့လုံခြုံရေးအပေါ် မူတည်ပြီး
သူ့ရဲ့အမြင်ကို ပြောတယ်။ သူကတော့ ဒီသမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ သူကတော့
လိုက်ပါဆောင်ရွက်မယ်။ သူ့လက်အောက်မှာ တပ်မတော်တပ် သားတွေကိုလည်း
သူညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့တော့ သူကတာဝန်ယူတယ်။ ဒါကိုတော့
ပြောပြပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ဆက်လက် ပြောကြားသည်။ ထို့ပြင်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကေအင်န်ယူ ခေါင်းဆောင်များသည်
နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဒီမိုကရေစီ
လမ်းစဉ်နှင့်အညီ လျှောက်လှမ်းနေမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း
ဆွေးနွေးခဲ့သည်ဟု သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်
ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်
အရာရှိကြီးများ ပါဝင်ခဲ့ပြီး ကေအင်န်ယူဘက်မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊
အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ် အမှုဆောင်
ကော်မတီဝင်များ ဖြစ်ကြသည့် ပဒိုစောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်နှင့်
ပဒိုစောတာဒိုမူး၊ ဗဟိုကော်မတီဝင်များနှင့် အရန်ဗဟို ကော်မတီဝင်များ
တက်ရောက်ခဲ့ကြကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
ကေအင်န်ယူ ခေါင်းဆောင်များသည် ယခုအကြိမ် အပါအ၀င်
သုံးကြိမ်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဇန်န၀ါရီ ၅ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် KNU ခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ-ကာကွယ်ရေး ၀န်ကြီးဌာန)
Eleven Media Group
No comments:
Post a Comment