၂၀၁၃ SEA Games ပွဲတော်ကြီးကို မြန်မာနိုင်ငံတွင် ဝှဲချီး
ကျင်းပပြီးသွားပြီ။ ဖွင့်ပွဲပိတ်ပွဲ များကိုလည်း စံနှုန်းမြင့်မားသူ တို့ပင်
ချီးကျူးရလောက်အောင်
ခမ်းနားသိုက်မြိုက်စွာ ဆောင်ရွက်နိုင်သည်။ ဆုတံဆိပ်
ရရှိမှုတွင်လည်း မရစဖူး အရထူးကာ ဒုတိယအများဆုံး ရလိုက်သည်။ ထို့ကြောင့်
အောင်ပွဲခံ လက်ပန်းပေါက်ခတ်ကာ SEA Games ကို နိဂုံးချုပ်လိုက် ကြရတော့မည်။
သို့သော် တကယ်တမ်း တွက်ကြည့်လိုက် သည့်အခါ SEA Games မပြီးသေးပါ၊
မပြီးသင့်သေးပါ။
ပွဲကျင်းပရေး ကော်မီတီကပင် တရားဝင်
အခမ်းအနားနှင့် ပိတ်ပွဲလုပ် လိုက်ပြီးသည်ကို မပြီးသေးပါ လုပ်နေရသေးလား
မေးနိုင်ပါသည်။ မှန်ပါသည်။ ၂၀၁၃ SEA Games က ပြီးသွားပါပြီ။ SEA Games ကို
အခြေခံကာ တည်ဆောက်ယူရမည့် လုပ်ငန်းများကား ယခုမှ စလုံးရေ စပါမည်။ SEA Games
အတွက် အဆောက်အအုံရော စီမံခန့်ခွဲ စရိတ်ရော ကုန်ကျစရိတ်သည်
မြန်မာနိုင်ငံကဲ့သို့ ပြန်တည်ဆောက်စ နိုင်ငံအတွက် များပြားပါသည်။
ယခုတစ်ကြိမ်စာ တစ်လတာအတွက်သာ အကုန်အကျခံသည် ဆိုလျှင် “ဝမရှိဘဲ ဝိလုပ်”
စားသကဲ့သို့ ဖြုန်းတီးရာ ရောက်မည်။ စနစ်ဟောင်း ဥခွံထဲမှ ရုန်းထွက်ခါစ
ဖြစ်သည့်အတွက် ကုန်ကျစရိတ် အလေအလွင့် ရှိနိုင်သည်ကို ထည့်တွက်ပြီးသား
ဖြစ်ပါသည်။ ဒေါ်လာသန်းချီ ကုန်ကျထားသည့် အတွက် ရေရှည် အကျိုးဖြစ်ထွန်းမှသာ
သုံးရကျိုးနပ်လိမ့်မည်။
တိုက်ရိုက် ပတ်သက်နေသည့် အတွက်
ဆုတံဆိပ်ဆိုင်ရာကို အရင် ဆွေးနွေးပါမည်။ ယခင် မြန်မာတို့ ရလေ့ရှိသည့်
အဆင့်ခြောက်၊ အဆင့်ခုနစ်လောက်မှ နေကာ ယခုနှစ်တွင် အဆင့်နှစ်သို့
ခုန်တက်လာခြင်းသည် လေ့လာခန့်မှန်းသူ အများအပြားကို လွဲချော်သွားစေခဲ့သည်။
ဝန်ခံရလျှင် စာရေးသူ ကိုယ်တိုင်လည်း ယခင်ရနေကျထက် တစ်ဆင့် နှစ်ဆင့်သာ
တက်မည်ဟု မှန်းထားဖူးသည်။ ယခုကဲ့သို့ ဒုတိယ ရလိုက်သည့်အတွက်
အိမ်ရှင်အနေနှင့် ဂုဏ်တက်ပါသည်၊ စာရေးသူ အပါအဝင် ပြည်သူအများလည်း
ဂုဏ်ယူရပါသည်။
ထိုသို့ ဒုတိယနေရာ ရောက်အောင် ခုန်တက်လာခြင်းတွင်
အနည်းဆုံး အကြောင်းရင်း သုံးရပ်ရှိနိုင်သည်။ ၁၊ အားကစားနည်းအလိုက်
ပြင်ဆင်မှု အားကောင်း၊ ကစားသမားများ ကြိုးစား၊ ညှစ်အားထုတ်လိုက်သည့် အတွက်။
၂၊ အိမ်ရှင်ဖြစ်သောကြောင့် အိမ်ကွင်းအားသာချက်၊ ပရိသတ် တစ်ခဲနက် အားပေးမှု။
၃၊ လက်ခံကျင်းပသည့် အိမ်ရှင်ကို ပေးထားသည့် အခွင့်အရေးအရ
အားကစားနည်းများကို အခြားအိမ်ရှင် နိုင်ငံများကဲ့သို့ပင် အိမ်ရှင်အတွက်
အားသာစေမည့် သို့မဟုတ် အိမ်ရှင်က မြှင့်တင်လိုသည့် ကစားနည်းများ ထည့်သွင်း
ကျင်းပခြင်း။
နောင်လာမည့် အရှေ့တောင်အာရှ အားကစားပွဲ များတွင်
အိမ်ရှင် ပြန်မလုပ်မချင်း ရှေ့တွင် တင်ပြခဲ့သည့် နံပါတ် ၂ နှင့် နံပါတ် ၃
အခွင့်အရေးတို့ မရနိုင်။ ယခု SEA Games တွင်ရခဲ့သော နံပါတ်တစ်အရှိန်ကို
ယူကာ တစ်ဟုန်ထိုးတက်အောင် ကြိုးစားရန်မှ တစ်ပါး အခြားမရှိပါ။ ယခုပွဲတွင်
အိမ်ရှင် ဖြစ်သောကြောင့် အခြားနိုင်ငံသို့ သွားပြိုင်ရသည်နှင့် မတူဘဲ
ကစားသမားအရေအတွက် များပြားစွာ ယှဉ်ပြိုင်ခွင့် ရခဲ့သည့်အတွက် ကစားသမားတို့
နိုင်ငံတကာ အားကစားပွဲတော်ကြီး အတွေ့အကြုံ ရခဲ့သည်မှာ အဖိုးမဖြတ်နိုင်သော
အခွင့်အလမ်းပင် ဖြစ်သည်။ အလားအလာ ရှိသည့် မီးခဲပြာဖုံး ရွက်ပုန်းသီး လူငယ်
ခြေတက်လက်တက်များလည်း ပေါ်ထွန်းလာ ခဲ့မည်မှာ အသေအချာပင် ဖြစ်သည်။
မြန်မာအားကစားအဖွဲ့ အတွက် မှတ်ကျောက်သည် လာမည့် ၂ နှစ် စင်ကာပူတွင်
စောင့်နေပါသည်။ ခုန်တက်လာသည့် အဆင့်နှစ်မှသည် စင်ကာပူတွင် ဒုံရင်းဒုံရင်း
အဆင့်ခြောက်၊ အဆင့်ခုနစ် ပြန်ဆိုက်သွားသည် ဆိုလျှင် အိမ်ရှင်ကြောင့်
ရခဲ့သည့် နံပါတ်၂ နှင့် ၃ တို့ကြောင့် ဖြစ်ကြောင်း လက်ညှိုးထိုးစရာ
ဖြစ်မည်။ ၂၀၁၃ တွင် ရရှိခဲ့သည့် အောင်မြင်မှု အရှိန်ဖြင့် ၂နှစ်အတွင်း
အစွမ်းကုန် အားထုတ်ကြိုးစားမှသာ စင်ကာပူတွင် မျက်နှာပန်း လှပေမည်။
မျက်နှာပန်းလှရန် ဆိုသည်မှာ ဒုတိယနေရာ ပြန်ရရမည် ဟုလည်း ဆိုလိုခြင်း
မဟုတ်ပါ။
ယခုအားကစားပွဲ အတွက် တည်ဆောက်လိုက်သော တန်ဖိုးကြီး
နိုင်ငံတကာအဆင့်မီ အားကစားကွင်းများ၊ အားကစားရုံ များကို အားလပ်ရသည်
မရှိအောင် အသုံးချနိုင်ရန် လိုပါသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာ အဆင့်မီ
အားကစားပွဲများကို လက်ခံကျင်းပနိုင်သည့် လူ၊ စီမံခန့်ခွဲမှု၊ အားကစားရုံ
ကွင်းတို့ ရှိကြောင်း အားလုံးက သိသွားကြပြီ ဖြစ်သည့်အတွက်
နိုင်ငံတကာပွဲများကို လက်ခံကျင်းပရန် လိုပါသည်။ ထိုနည်းဖြင့်
မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်းကို အကျိုးပြုမည်။ ထိုအားကစားရုံ၊ အားကစား
ကွင်းများကို သုံးကာ ပြည်တွင်းမှ အားကစားသမားများကို မြေတောင်
မြှောက်ပေးနိုင်မည်။
SEA Games ကဲ့သို့၊ အိုလံပစ်ကဲ့သို့
အားကစားပွဲကြီး များသည် သာမန် အားကစားပွဲထက် ပိုသော အားကစားပွဲကြီးများ
ဖြစ်သည်။ ထိုပွဲ ကြီးများသည် နိုင်ငံကို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊
နိုင်ငံတကာရေး တို့တွင်ပါ ကြီးမားစွာ သက်ရောက်သည်။
၂၀၁၃ SEA Games
သည် မြန်မာနိုင်ငံ တံခါးဖွင့်ပြီဟု နိုင်ငံတကာကို ထုတ်ဖော်ကြေညာသော
ပွဲတစ်ပွဲနှင့် အလားတူသည်။ မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းကို
ထုဆစ်ခြင်းတစ်ရပ် ဖြစ်သည်။ အားကစားပွဲတွင်း တိုင်းရင်းသားပေါင်းစုံ
အားကစားသမားတို့ နိုင်ငံ့ဂုဏ် ဆောင်နိုင်ရန် အားကုန် ကြိုးစားကြသလို
တိုင်းရင်းသားပေါင်းစုံ ပရိသတ် တို့ကလည်း ဘဝဂ်ညံအောင် အားပေးကြရာ
အားကစားသမားနှင့် ပြည်သူ တစ်သားတည်း ဖြစ်သော တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး မှတ်တိုင်ဖြစ်သည်။ ၈၈ မျိုးဆက် မှ (ဦး)
ကိုကိုကြီးကိုလည်း ဘောလုံးပွဲတွင် လက်သီးလက်မောင်း တန်းလျက် မြန်မာဘက်မှ
အားပေးနေသည်ကို တွေ့လိုက်ရသည်။ မြန်မာနိုင်ငံသည် တစ်လတာလောက် ဒေသတွင်း
နိုင်ငံမီဒီယာများ၏ မီးမောင်းအောက် ရောက်နေခဲ့သည့် အတွက် နိုင်ငံ၏ပုံရိပ်
တက်လာသည်။ နိုင်ငံ၏ ပုံရိပ်တက်လာသည့် နည်းတူ လိုက်ပါ တိုးတက်လာနိုင်သည်မှာ
ခရီးသွားလုပ်ငန်း ဖြစ်သည်။
နိုင်ငံတွင်း SEA Games အရှိန်ဖြင့်
မြင့်တက်ခဲ့သော အားကစား ဒီရေလှိုင်းကို စီးကာ နိုင်ငံဖွံ့ဖြိုးရေးတွင်
အသုံးချနိုင်သည်။ အခြေခံ အဆောက်အဦများ တိုးတက်၊ ငွေကြေးကြွယ်ဝရုံမျှ မကဘဲ
နိုင်ငံတွင်း မှီတင်းနေထိုင်သော လူသားတို့ ဖွံ့ဖြိုးတိုးတက် (Human
Development) မှသာ နိုင်ငံဖွံ့ဖြိုးခြင်း မည်ပေသည်။
လူသားဖွံ့ဖြိုးခြင်းတွင် ကျန်းမာရေးသည် အဓိကကျသည်။ မကျန်းမာလျှင် ငွေလည်း
မရှာနိုင်၊ ပညာလည်း မရနိုင်။ မကျန်းမာသောသူကို ပြုစုရသဖြင့် လူအပို
ကုန်သည်၊ သို့မဟုတ် ငွေကုန်ကာ မိသားစု သို့မဟုတ် ပတ်သက်သူများကို
ဝန်ထုပ်ဝန်ပိုး ပိစေသည်။ နိုင်ငံတွင်း တစ်ပိုင်တစ်နိုင် အားကစား
ပြန့်ပွားလာခြင်းသည် ပြည်သူတို့၏ ကျန်းမာရေးကို မြင့်တက်စေသည်။
အသက်ရှည်စေသည်၊ ကျန်းမာပျော်ရွှင်စေသည်၊ ကူးစက်တတ်သော ရောဂါများ မဟုတ်သည့်
နှလုံး၊ ဆီးချို၊ သွေးတိုးနှင့် ကင်ဆာအချို့တို့ကို လျော့ကျစေသည်။ အားကစား
လိုက်စားခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး သာမက စိတ်ပိုင်းဆိုင်ရာ
ကျန်းမာရေးကိုပါ တိုးတက်စေသည်။ အားကစား လိုက်စားလျှင်
အာရုံစူးစိုက်နိုင်စွမ်း တက်သည်၊ စိတ်ဓာတ်ကျ သက်သာသည်၊ ပေါင်းသင်းဆက်ဆံရေး
ကောင်းသည်။ ကျန်းမာရေး စောင့်ရှောက်မှုတွင် ကာကွယ်နိုင်လျှင် ကုသရန်
မလိုသည့်အတွက် ကျန်းမာရေး ကုသမှုစရိတ်များကို ကျန်းမာရေးဆိုင်ရာ
အခြားကဏ္ဍများတွင် သုံးနိုင်သည်။
အားကစားသည် လူမှုရေးတွင်လည်း
အကျိုးသက်ရောက်မှု ကြီးသည်။ အားကစား လိုက်စားသူသည် မူးယစ်ဆေးနှင့်
အလှမ်းဝေးသွားသည်။ လူငယ်တို့ အတုခိုးမှားပြီး လူဆိုးသူခိုး မဖြစ်စေရန်
အားကစားက စွမ်းဆောင်သည်။ ဒုစရိုက် ထူပြောသော ဒေသများတွင် အားကစား
အစီအစဉ်များ တိုးမြှင့်လိုက်ရာ ဒုစရိုက်မှု ကျဆင်းသွားသည်ကို တွေ့ရသည်။
အားကစား ပြန့်ပွားခြင်းသည် နိုင်ငံတည်ဆောက်ရေးတွင် အရေးကြီးလှသည့်
လူမှုအရင်းအနှီး Social Capital ကို တက်စေသည်။ လူမှု အရင်းအနှီးသည်
နိုင်ငံတွင်း မှီတင်းနေထိုင်သည့် လူသားများကို ကော်ကဲ့သို့
တစ်ဦးနှင့်တစ်ဦး ကပ်စေသည့်အရာ ဖြစ်သည်။ အားကစား လိုက်စားခြင်းသည်
လူလူချင်း ဆက်ဆံရေးကို တက်စေသည်၊ ပူးပေါင်းဆောင်ရွက်ခြင်း မြင့်စေသည်၊
တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု ပွားစေသည်ဖြစ်ရာ Social Capital ကို
တည်ဆောက်ပေးခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် Social Capital နိမ့်ပါးသေးရာ
SEA Games အရှိန်ဖြင့် အားကစားကို တည်ဆောက်၊ အားကစား အားကိုးဖြင့် Social
Capital ကိုတည်ဆောက်ရန် အချိန်ကောင်း ဖြစ်သည်။
အားကစားသည်
စီးပွားရေး တိုးတက်မှုကိုလည်း ပံ့ပိုးသည်။ အားကစား ပွဲများ၊ အားကစား
ဆောင်ရွက်ခြင်း များသည် စီးပွားရေးကဏ္ဍကို လှုံ့ဆော်သည်။ ပွဲကြည့်သူများ၊
မီဒီယာ၊ အားကစားသမားများ၊ ပံ့ပိုးသူ Sponsor များ၊ အားကစား အခြေခံအဆောက်အဦ
များသည် အလုပ်အကိုင်များ၊ ရောင်းကုန်များနှင့် ဝယ်လိုအားကို ဖန်တီးပေးသည်။
စနစ်တကျ ချိတ်ဆက် လုပ်ဆောင်နိုင်လျှင် အားကစားသည် နိုင်ငံအဆင့်
စီးပွားရေးတိုးတက်မှုကို ပံ့ပိုးနိုင်သည်။
ယခုလောက်ဆိုလျှင် SEA Games မပြီးသေးသည်ကို သိနိုင်ပါပြီ။ SEA Games သည် အစသာ ရှိပါသေးသည်။
ွှ့The Voice Weekly
No comments:
Post a Comment