မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နှစ်ပေါင်း ၄၄ နှစ်အကြာမှ ပြန်လည်
ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင်
ယှဉ်ပြိုင်ခဲ့ကြသည့် လက်ရွေးစင်
အားကစားသမားများကို အားကစား ဝန်ကြီးဌာနက ကျပ်သိန်းနှစ်သောင်းကျော်
ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားသည်။
တစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ် ရရှိခဲ့သည့် ကစားသမား ၄၂ ဦးကို
တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ နှစ်ယောက်တွဲ ပြိုင်ပွဲများတွင် ရွှေတံဆိပ်
ရရှိခဲ့သည့် ကစားသမား ၂၄ ဦး ကို တစ်ဦးလျှင် ကျပ်သိန်း ၆၀၊
သုံးယောက်တွဲနှင့် လေးယောက်တွဲ ပြိုင်ပွဲများမှ အားကစားသမား ၁၃ ဦးကို
တစ်ဦးလျှင် သိန်း ၄၀၊ အသင်းလိုက် ပြိုင်ပွဲများမှ အားကစားသမား ၃၃၁
ဦးအတွက် ကျပ် ၈၈၈၅ သိန်း ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
ယင်းအားကစား အဖွဲ့များအနက် ရိုးရာ လှေအားကစားအဖွဲ့မှာ ကျပ် ၇၉၂၅
သိန်းဖြင့် အများဆုံး ရရှိခဲ့ပြီး ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိသည့်
ကစားသမား များကိုလည်း တစ်ဦးလျှင် ကျပ်လေးသိန်းစီဖြင့် စုစုပေါင်း ၁၆၆၄
သိန်းနှင့် နည်းပြများအတွက် ကျပ် ၉၂၆ သိန်းကိုလည်း ချီးမြှင့်ခဲ့ရာ
စုစုပေါင်း ကျပ်သိန်းပေါင်း ၂၁၂၁၇ သိန်း ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့အားကစား အဖွဲ့များသည်
အိမ်ရှင်အဖြစ် ကျင်းပသည့် (၂၇) ကြိမ် မြောက် SEA Games ပြိုင်ပွဲတွင်
ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခုနှင့် ကြေးတံဆိပ် ၈၅ ခုတို့ဖြင့် SEA
Games ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဆုတံဆိပ် အများဆုံး ရယူနိုင်ခဲ့သည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ ပြန်လည် ကျင်းပနိုင်ခဲ့သည့် SEA Games
ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
လုပ်ငန်းစဉ်များ တိုးတက် ပြောင်းလဲလာမှုကို နိုင်ငံတကာက အသိအမှတ်
ပြုစေခဲ့သည့် ပြိုင်ပွဲပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင်
ကစားသမားများကို ဆုငွေများ ချီးမြှင့်ရာတွင် ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်း
မရှိခဲ့သည့် ကစားသမားများကို ထည့်သွင်း ချီးမြှင့်ခဲ့ခြင်းမှာ
အားကစားစိတ်ဓာတ် အပြည့်ဖြင့် ကြိုးစား ယှဉ်ပြိုင်ခဲ့ကြ၍ အသိအမှတ်ပြုခြင်း
ဖြစ်ကြောင်းဟု ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment