Pages

20.2.14

မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ ရှင်လောင်းလှည့်ပွဲများကို တခမ်းတနားကျင်းပလာကြ


Thursday, February 20, 2014

ဗုဒ္ဓဘာသာမြန်မာလူမျိုးများ သည် လောကီမင်္ဂလာ (၁၂)ပါး ရှိသည့်အနက် (သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာ )ရှင်ပြုမင်္ဂလာနှင့် (ကဏ္ဏ ဝိဇ္ဈနမင်္ဂလာ) နားသမင်္ဂလာတို့ကို ယှဉ်တွဲကာ သားရှင်ပြု၊ နားသ အလှူတော်မင်္ဂလာပွဲများကို တတ် စွမ်းနိုင်သမျှ တခမ်းတနားကျင်းပ လေ့ရှိသည်။

သားသမီး ထွန်းကားသည့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် အချိန်တန်အရွယ်ရောက်၍ လူလား မြောက်လာသည့် သားယောက်ျား လေးများနှင့် သမီးမိန်းကလေးများ ကို သားရှင်ပြုနှင့် သမီးနားသ အလှူတော်မင်္ဂလာ ကျင်းပကာ သာသနာ့ဘောင်သို့ သွတ်သွင်း ချီးမြှင့်လေ့ရှိကြသည်။ သာမဏေ အဖြစ်သို့ သင်္ကန်းမစည်းပေးနိုင် သမျှ မိဘ၏တာဝန်ဝတ္တရား မ ကျေပွန်ဟုလည်း မိမိကိုယ်ကို ခံယူတတ်လေ့ရှိကြသည်။ သို့ဖြစ် ၍ သားရှင်ပြု၊ သမီးနားသ အလှူ မင်္ဂလာပွဲများကို တတ်စွမ်းနိုင်သမျှ ကျင်းပလုပ်ကိုင်လေ့ရှိကြသည်။
ရှင်ပြုအလှူပွဲများကို လယ်ယာ လုပ်ငန်းခွင်အားလပ်သည့်ကောက်ပဲ သီးနှံများရိတ်သိမ်းပြီးချိန်၊ ပွင့်လင်း ရာသီငွေပေါ် အလုပ်နားချိန်ဖြစ် သော တပို့တွဲလ၊ တပေါင်းလနှင့် တန်ခူးလများတွင် အများဆုံးကျင်းပ လေ့ရှိကြသည်။ ကျေးလက်တော ရွာများတွင် အလှူပွဲမတိုင်မီ ရက်သတ္တပတ်ခန့်အလိုလောက်မှ စတင်၍ အမျိုးသမီးများက ဆန်၊ ပဲတို့ကို ပြာတီးသန့်စင်ကြသည်။ ယောက်ျားများက တောသို့ထွက် ကာ ထင်းရှာ၊ ဝါးခုတ်လုပ်ကြရ သည်။ အလှူပွဲတွင် လှပတင့်တယ် စွာ ဝတ်ဆင်နိုင်ရန် အဝတ်အစား ကြိုတင်ချုပ်လုပ်ကြသည်။ အလှူ ရက် ကျင်းပရက်နီးကပ်လာသည် နှင့်ယောက်ျားများက အလှူမဏ္ဍပ် ဆောက်ကြ၊ ထမင်းကျွေးရုံဆောက် ကြနှင့် အလုပ်ရှုပ်ကြပြီ။ အမျိုး သမီးများကလည်း အလှူပွဲတွင် ချက်ပြုတ်အသုံးပြုရန် ရေခပ်ပေး ကြရသည်။ ကျေးရွာ အလှူပွဲမှာ မကျင်းပမီကပင် တပျော်တပါး ဝိုင်းဝန်းလုပ်ကိုင်ကြရင်း ပျော်ရွှင် နေကြရပြီ။

ရှင်ပြုအလှူပွဲများကို အနည်း ဆုံးနှစ်ရက် ကျင်းပလေ့ရှိကြသည်။ အလှူအကြိုနေ့မှစတင်ကာထမင်း ကျွေးရုံဖွင့်ကာ ကျွေးမွေးဧည့်ခံကြ ရသည်။ အလှူအကြိုနေ့ မွန်းလွဲ ပိုင်းတွင် ရှင်လောင်းလှည့်ပွဲကျင်းပ ကြသည်။ မောင်ရှင်လောင်းလှည့်ပွဲ တွင် အလှူဒါယကာ၊ အလှူဒါယိ ကာမများက မောင်ရင်လောင်းများ အတွက် ပရိက္ခရာရှစ်ပါးကို လွယ် ပိုက်ကာ လိုက်ပါကြရသည်။ ကွမ်း တောင်ကိုင်၊ ပန်းတောင်ကိုင် အမျိုးသမီးငယ်အချောအလှများ၊ ပရိတ်အိုး၊ ကန်တော့ပွဲ၊ သင်္ကန်း ပန်းရွက်အမျိုးသမီးများ၊ မောင်ရင် လောင်းများ၊ ရွှေထီးမိုးလူငယ် များ၊ အိုးစည်ဒိုးပတ်ဝိုင်းနှင့်အတီး အမှုတ်၊ အကအခုန်အဖွဲ့များ စုံညီ စွာဖြင့် စီတန်းလှည့်လည်လေ့ရှိကြ သည်။ ရှင်လောင်းလှည့်ပွဲတွင် ကွမ်းတောင်ပန်းတောင်ကိုင်အဖြစ် ရပ်ရွာထဲတွင် အချောဆုံး၊ အလှ ဆုံးဟု သတ်မှတ်ခံကြရသည့်မိန်းမ ပျိုလေးများကိုသာ ရွေးချယ်လေ့ရှိ ကြသည်။ သို့ဖြစ်၍ ကွမ်းတောင် ပန်းတောင်ကိုင်ကြရသည့်မိန်းမပျို လေးများမှာ လူပျိုလူရွယ် ကာလ သားများအကြားတွင် အထူး မျက်နှာပွင့်ကြသည်။
သာသနာ့ဘောင်သို့ဝင်ရောက် တော့မည့် မောင်ရင်လောင်းများ ကို မိရိုးဖလာ ကိုးကွယ်ယုံကြည် သည့် ရွာတော်ရှင်၊ မြို့တော်ရှင်နတ် များ ဝမ်းမြောက်သာဓုခေါ်နိုင်ရန် အရိုအသေပြုသည့်အနေဖြင့် နတ်စင် သို့ သွားရောက်ကာ နတ်ပြသကြရ သည်။ မောင်ရင်လောင်းများကို နတ်ပြပြီးနောက် ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ကန်တော့ ကြကာ အလှူမဏ္ဍပ်သို့ ပြန်ဝင်ကြ ရသည်။

အလှူမဏ္ဍပ်သို့ ပြန်လည် ရောက်ရှိကြသောအခါ ရှင်လောင်း လှည့်ပွဲတွင်လိုက်ပါကြသူများကို ထမင်းဟင်းလျာတို့ဖြင့် ဧည့်ခံကျွေး မွေးကြရသည်။ အလှူအကြို ညနေပိုင်းတွင် အလှူဧည့်ခံဆိုင်း ဝင်လေ့ရှိပြီး ညပိုင်းနှင့်အလှူ ကြီးနေ့တွင် ဆိုင်းတော်မင်္ဂလာက အတီးအမှုတ်အဆိုများဖြင့် ဧည့်ခံ ဖျော်ဖြေကြသည်။

ရှင်လောင်းလှည့်ပွဲများတွင် မောင်ရင်လောင်းကို လှပတင့်တယ် စွာ ဝတ်စားဆင်ယင်ပေးပြီး လူထမ်း သည့်ဝေါစင်ပေါ် (သို့မဟုတ်)မြင်း ပေါ်တွင် တင်ဆောင်၍ ဘေးမှ လူငယ်တစ်ဦးက ရွှေထီးမိုးပေး ကာ အလှူလှည့်လေ့ရှိကြသည်။ နားသမည့် သတို့သမီးငယ်များကို မူ နွားလှည်းယာဉ်ပေါ်တင်ဆောင် ကာ အထိန်းအယမိန်းမပျိုလေးနှင့် အတူ လိုက်ပါစေသည်။ ယခုအခါ ရှင်လောင်းလှည့်ပွဲများကို ငွေကြေး တတ်နိုင်လျှင်တတ်နိုင်သလို တခမ်း တနားကျင်းပလာကြသည်။ မောင်ရင် လောင်းကို မြင်းများနှင့်လှည့်ရုံသာ မက ငွေကြေးများစွာ အကုန်အကျ ခံကာ ဆင်ကြီးများကို ငှားရမ်းကာ လှည့်လာကြသည်။ နားသ သတို့ သမီးငယ်များကိုလည်း ရွှေလှည်း ယာဉ်ကြော့များဖြင့် တင်ဆောင် ကာ တခမ်းတနား အလှူလှည့်ကြ သည်။ ယခင်က စပ်ပန်းချီမဏ္ဍပ်၊ ဧမဏ္ဍပ်လေးများဖြင့် အလှူပေးခဲ့ ကြသော်လည်း ယခုအခါမီးရောင် စုံများနှင့် ရွှေရောင်တဖိတ်ဖိတ် တောက်ပနေသည့် ခမ်းနားသော မဏ္ဍပ်ကြီးများဖြင့် အလှူကြီးများ ပေးလျက်ရှိနေကြသည်။

ယခင်က မိမိတို့သားသမီးရင်း ချာများကိုသာ သီးသန့်အလှူပေး ကြရာမှ ယခုအခါ မိမိသားသမီး များနှင့်အတူ ဆွေမျိုးနီးစပ်တော် စပ်ရာတို့၏ သားသမီးများကိုပါ ထည့်သွင်းကာ မောင်ရင်လောင်း များစွာ၊ နားသ သတို့သမီးများစွာ နှင့် ကြီးကျယ်ခမ်းနားစွာ အလှူ ပေးလာကြသည်ကိုတွေ့ရပေသည်။

အလှူရှင်များ၏ငွေကြေးဓနအင်အား ချမ်းသာလျှင် ချမ်းသာသလို ဆင် တစ်ကောင်မှနှစ်ကောင်၊ သုံးကောင်၊ မြင်း ၁ဝ စီးမှ ၁၅ စီး၊ ရွှေလှည်း ယာဉ်ကြော့ ငါးစီးမှ အစီး ၃ဝ ခန့်အထိ ထည့်သွင်းကျင်းပလာကြ သည်။ မင်းခမ်းမင်းနားနှင့် ထွက် တော်မူသကဲ့သို့ ရာဇာဝင်း၊ ဒေဝါ ဝင်း၊ ရတနာပုံဝင်း၊ ပုဂံဝင်းစသည် တို့ဖြင့် ရှေ့ဝင်းနောက်ဝင်းများ ခင်းကျင်းကာ ခမ်းနားကြီးကျယ် စွာအလှူလှည့်ပွဲကျင်းပကြသည်။

ယနေ့ခေတ် အလှူလှည့်ပွဲတစ် ပွဲအတွက် ကုန်ကျစရိတ်မှာ အလွန် များပြားလှသည်။ ဆင်ကြီးတစ် ကောင် ငှားရမ်းခ ကျပ်ရှစ်သိန်း ခွဲရှိသည်။ မြင်းတစ်စီးအတွက် ကျပ်တစ်သောင်းခွဲ ပေးကြရသည်။ ရွှေလှည်းယဉ်ကြော့တစ်စီးအတွက် ကျပ်သုံးသောင်းဝန်းကျင် ပေးကြ ရသည်။ ဒေဝါဝင်း၊ ရာဇာဝင်း ခင်းလျှင် လူ ၅ဝ ကျော်အတွက် ဝတ်စုံငှားရမ်းခများစွာ အကုန်အကျ ခံရသည်။ တီးဝိုင်းငှား ရမ်းခများ အပါအဝင် အလှူလှည့်ပွဲတစ်ပွဲ အတွက် ငွေသိန်းပေါင်းများစွာ အကုန်အကျခံသုံးစွဲကြရသည်။

မည်သို့ပင်အကုန်အကျများ သည်ဖြစ်စေ လှူနိုင်တန်းနိုင်သူ များက ခြိမ့်ခြိမ့်သဲသဲ လှူလျက် တန်းလျက်ရှိနေကြသည်။ ယခု ကာလသည် လယ်ယာလုပ်ငန်း များ သိမ်းဆည်းပေးချိန်၊ သီးနှံများ ရိတ်သိမ်းပြီးချိန်၊ ငွေပေါ်ချိန်၊ မိုး လေကင်းစင်ချိန်ဖြစ်၍ သားရှင်ပြု အလှူပွဲများကို ဒေသအနှံ့ ကျင်းပ လျက်ရှိနေကြသည်။ ဆင်ကြီးများ၊ မြင်းယာဉ်များ၊ ရွှေလှည်းယာဉ် ကြော့များ၊ ရာဇာဝင်း၊ ဒေဝါဝင်း များ၊ အတီးအမှုတ်အကအခုန်များ ဖြင့် ခမ်းနားကြီးကျယ်စွာလှူဒါန်း လျက်ရှိနေကြသည်။ မြန်မာတို့၏ ခမ်းနားကြီးကျယ်သည့် မောင်ရင် လောင်းလှည့်လည်ပွဲများကို မြင် တွေ့ကြရသည့် နိုင်ငံခြားသားခရီး သွား ဧည့်သည်များသည် စိတ် ဝင်စားစွာ ကြည့်ရှုမှတ်တမ်းတင် ကြသည်။

ခမ်းနားထည်ဝါသည့် မောင်ရင်လောင်းလှည့်ပွဲများသည် ချစ်စရာကောင်းလှသည့် ဂုဏ်ယူ ဖွယ်ရာ မြန်မာတို့၏ယဉ်ကျေးမှု ရိုးရာဓလေ့ဟု ဆိုရပေမည်။ မိမိတို့ ၏ရင်သွေးရတနာများကို သာသနာ့ ဘောင်သို့ သွတ်သွင်းချီးမြှင့်ကြရာ တွင် ရက်ရောစွာ လှူဒါန်းဒါနပြု တတ်ကြသည်မှာ မြန်မာတို့၏ စိတ်ရင်းစေတနာဟူ၍သာ ဆိုရပေ တော့သည်။

The Union Daily

No comments:

Post a Comment