Pages

11.2.14

ဗဟိုအာဖရိကမှ မွတ်ဆလင်များ အကြမ်းဖက် ဖယ်ရှား ခံနေရသည်ဟု လူ့အခွင့်အရေး အဖွဲ့ဆို

ဗဟိုအာဖရိက နိုင်ငံတွင် ဘာသာရေးကို အခြေခံသော အဓိကရုဏ်းများ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ နှစ်ဖက် အပြန်အလှန် တိုက်ခိုက် သတ်ဖြတ်မှုများ ရှိခဲ့ပြီး မွတ်ဆလင် ပြည်သူများစွာ အကြမ်းဖက်မှု ဒဏ်ကြောင့် ထွက်ပြေး တိမ်းရှောင် နေရကြောင်း အကြီးတန်း လူ့အခွင့်အရေး လုပ်သားတစ်ဦးကို ကိုးကားလျက် BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

မွေးမြူရေး လုပ်ငန်းများနှင့် အခြား စီးပွားရေး လုပ်ငန်းများကို မွတ်ဆလင် ဗဟိုအာဖရိက နိုင်ငံသားများက လုပ်ကိုင်ကြသောကြောင့် ယင်းပဋိပက္ခ နောက်ဆက်တွဲအဖြစ် စီးပွားရေးကိုပါ ထိခိုက်ဖွယ် ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW မှ အရေးပေါ် ဒါရိုက်တာ ပီတာဘောကက်က ပြောကြားခဲ့သည်။



ပြီးခဲ့သည့် နှစ်အတွင်း အာဏာသိမ်းမှု တစ်ခုအပြီးတွင် ခရစ်ယာန် ပြည်သူများနှင့် မွတ်ဆလင်များ အကွဲအပြဲက ပိုမိုကြီးမားလာပြီး အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်လာခြင်း ဖြစ်သည်။

ယခု ရက်ပိုင်း အတွင်း၌ပင် မြို့တော် ဘန်ဂူတွင် ဖြစ်သော ပဋိပက္ခကြောင့် အနည်းဆုံး လူဆယ်ဦး သေဆုံးခဲ့ရသည်။

မွတ်ဆလင် တိုက်ခိုက်သူ ခြောက်ဦးက သတ်ဖြတ်သွားခဲ့သည့်အတွက် မွတ်ဆလင်တစ်ဦးကို ပြန်လည် တိုက်ခိုက် သတ်ဖြတ်နေခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရကြောင်း မစ္စတာ ပီတာဘောကက်က ပြောကြားသည်။

သေဆုံးသူ တိုက်ခိုက်ခံရသူများသည် မည်သည့် ဘာသာဝင်များ ဖြစ်သည်ကို မသဲကွဲမှုများရှိကြောင်း AFP သတင်းတစ်ရပ်က ရေးသားထားသေးသည်။
သောင်းပေါင်းများစွာသော ဗဟိုအာဖရိက နိုင်ငံသား မွတ်ဆလင်များသည် အိမ်နီးချင်း ကင်မရွန်းနှင့် ချက်ဒ် နိုင်ငံများသို့ တိမ်းရှောင် ထွက်ပြေးသွားခဲ့ရသည်။

ဗဟိုအာဖရိက နိုင်ငံသည် အာဖရိကတွင် အဆင်းရဲဆုံး နိုင်ငံဖြစ်ပြီး မွတ်ဆလင် စလီကာ သူပုန်များက အာဏာ သိမ်းလိုက်ပြီးနောက် တိုင်းပြည်တွင် ကသောင်းကနင်း အခြေအနေများ ကြုံနေရခြင်း ဖြစ်သည်။
အာဏာသိမ်းမှုကို ခေါင်းဆောင်ခဲ့သော မိုက်ကယ် ဂျိုတိုဒီယာဟုဆိုသည့် မွတ်ဆလင် ခေါင်းဆောင်တစ်ဦးက ကြားဖြတ်အစိုးရ သမ္မတ နေရာမှ ငြိမ်းချမ်းရေး ရရှိစေရန်အတွက် နုတ်ထွက် ပေးခဲ့သည်။

ယခင် ကိုလိုနီဟောင်း ပြင်သစ်နှင့် အာဖရိကသမဂ္ဂမှ ငြိမ်းချမ်းရေး ထိန်းသိမ်းတပ်များ ဝင်ရောက် နေရာယူပြီး နယ်မြေ တည်ငြိမ်ရေး ဆောင်ရွက်နေသော်လည်း ခရစ်ယာန် ပြည်သူ့စစ်များနှင့် မွတ်ဆလင် ပြည်သူ့စစ်များ အပြန်အလှန် တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။

The Voice Weekly

No comments:

Post a Comment