Pages

24.2.14

ဆိုချီ အိုလံပစ် ပိတ်ပွဲနေ့ ရုရှားတွင် ပေါက်ကွဲမှုဖြစ်



၂၄.၂.၂၀၁၄၊ တနင်္လာနေ့

ရုရှား နိုင်ငံတွင် ဆိုချီ အိုလံပစ် ပွဲတော်ကြောင့် လုံခြုံရေး အထူး တင်းကျပ်ထားစဉ် တောင်ပိုင်း ဝေးလံ သီခေါင်သည့် ဒေသဖြစ်သော ဆာဘာရီးယားရှိ အယ်တိုင်မြို့တွင် ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ရာ လူ သုံးဦးထက် မနည်း သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် ဖြစ်သည်ဟု အာဏာပိုင် များက သံသယဖြစ်လျက် ရှိကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။



ပေါက်ကွဲမှု ပေါ်ပေါက်စဉ်က ဗုံးခွဲ တိုက်ခိုက်ခြင်း ဖြစ်သည် ဟူသော သတင်းများ ထွက်ပေါ် လာခဲ့သော်လည်း နောက်ပိုင်းတွင် မှန်ကန်ခြင်း မရှိကြောင်း ရုရှား သတင်း ဌာနများက ဖော်ပြသည်။

ပေါက်ကွဲမှု ဖြစ်ပေါ်သည့် တနင်္ဂနွေနေ့သည် ဆိုချီ အပန်းဖြေ မြို့၌ ကျင်းပလျက် ရှိသည့် ဆောင်းရာသီ အိုလံပစ် ပွဲတော် ပိတ်ပွဲ အခမ်းအနား ကျင်းပမည့် နေ့ရက်ဖြစ်ရာ အာဏာပိုင်တို့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အထူးပင် စိုးရိမ်ခဲ့ကြသည်။

ရုရှား အာဏာပိုင်များ အဆိုအရ အယ်တိုင်မြို့ရှိ ဈေးဝယ် စင်တာ တစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ယင်းဖြစ်ရပ်ကြောင့် အမျိုးသမီး ဝန်ထမ်း သုံးဦး သေဆုံးသွားသည်။

“သတင်းပေးချက်တွေ အရတော့ မီးဖိုချောင်သုံး ဂက်စ်ပေါက်ကွဲမှု သက်သက်ပါပဲ။ ဒါပေမဲ့ ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို စုံစမ်း စစ်ဆေးရေး အဖွဲ့က ဖော်ထုတ်လျက် ရှိပါတယ်” ဟု ယင်းမြို့၏ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရုရှားနိုင်ငံ တောင်ပိုင်း ဗိုဂေါ်ဂရက် မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့က အသေခံ ဗုံးခွဲသမားများ အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၃၄ ဦး သေဆုံးခဲ့သည်။

The Voice Weekly

No comments:

Post a Comment