Monday, February 17, 2014
ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှု များပြားနေခြင်းကြောင့် ပြည်ပမှ
အငှားယာဉ် (Taxi) တင်သွင်းခွင့်ကို ယခုဘဏ္ဍာနှစ်ကုန် (မတ်လ ၃၁ ရက်နေ့) အထိ
ရပ်ဆိုင်းထားမည် ဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ်မှသာ ပြန်လည် စဉ်းစား
သုံးသပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း
ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ယခုဘဏ္ဍာနှစ်ကုန်အထိ အငှားယာဉ် တင်သွင်းခွင့် ဆက်လက် ပိတ်ထားမည် ဖြစ်ပြီး
ပြန်လည် တင်သွင်းခွင့်ပြုမည့် အချိန်ကိုမူ မပြောနိုင်သေးကြောင်း လမ်းပန်း
ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က The Voice သို့ ပြောကြားသည်။
အငှားယာဉ် တင်သွင်းခွင့် ပိတ်သိမ်းခြင်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှ
စတင်ရပ်ဆိုင်းထားခြင်း ဖြစ်ပြီး ကုမ္ပဏီအချို့က တင်သွင်းခွင့်
လျှောက်ထားသည့် အစီးရေရာနှင့်ချီ၍ ရှိကြောင်း လမ်းပန်းဆက်ရေး
ဝန်ကြီးဌာနထံမှ သိရသည်။
အငှားယာဉ် တင်သွင်းမည့် ကုမ္ပဏီသည်
သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက် ပါရှိရမည် ဖြစ်ပြီး
ကုမ္ပဏီတစ်ခုလျှင် အစီးရေ ၅၀ တင်သွင်းခွင့်ရမည် ဖြစ်ကြောင်း စီးပွားရေးနှင့်
ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ယာဉ်ကြီးကြပ်ဌာနထံမှ သိရသည်။
အငှားယာဉ် တင်သွင်းခွင့် ရပ်ဆိုင်းထားသော်လည်း ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ် မှတ်ပုံတင်ဌာနသို့ အငှားယာဉ်နံပါတ်
ပုံမှန်လာရောက် ထုတ်ယူနေဆဲ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် DD/၆၀၆၆
နံပါတ်အထိ လာရောက် ထုတ်ယူပြီး ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခွင့်ပြုရာတွင် အက္ခရာများ
ထပ်တိုးအပ်နှံခွင့်ပြုလိုက်ပါက ရန်ကုန်မြို့တွင်း မော်တော်ယာဉ် အစီးရေ
သုံးသောင်းခန့်လမ်းပေါ်မှ ပျောက်ဆုံးသွားမည် ဖြစ်ခြင်းကြောင့်
လမ်းပိတ်ဆို့မှု အနည်းငယ် သက်သာသွားနိုင်ကြောင်း မင်းရဲကျော်စွာ
ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း ဦးအေးကျော်က ဆိုသည်။
The Voice Weekly
No comments:
Post a Comment