Pages

26.2.14

အခွန်အကောက်နှုန်းထားများကို အမိန့်ကြော်ငြာစာများဖြင့် မကောက်ဘဲ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်ဖြင့်သာ သတ်မှတ်ရမည့် ပထမဆုံး ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း



၂၆.၂.၂၀၁၄၊ ဗုဒ္ဓဟူးနေ့

အခွန်အကောက်နှုန်းထားများကို အမိန့်ကြော်ငြာစာများဖြင့် မကောက်ဘဲ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ရမည့် ပထမဆုံးပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဖေဖော်ဝါရီ ၂၅ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။


အခွန်အကောက် အမျိုးအစားများနှင့် စပ်လျဉ်းပြီး ဘဏ္ဍာရေး ၀န်ကြီးဌာနသည် ကောက်ခံရန် အခွန်လျာထားချက်များကို ယခုတင်သွင်းသည့် ဥပဒေအတိုင်း ကောက်ခံရမည်ဖြစ်ကြောင်း၊ အခွန်အကောက် နှုန်းထားများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း ဆောင်ရွက်လိုပါက ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်နိုင်ရန်အတွက် တင်သွင်းရမည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေအရ ပြည်ပတင်သွင်းသည့် ကုန်စည်ဖြစ်ပါက ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင် လည်းကောင်း၊ နိုင်ငံအတွင်းတွင် ထုတ်လုပ်သည့် ကုန်စည်ဖြစ်ပါက ရောင်းရငွေအပေါ်တွင် ရာခိုင်နှုန်းအလိုက် အခွန်ကျသင့်စေမည်ဖြစ်ကြောင်း၊ အထူးကုန်စည်များဖြစ်သည့် စီးကရက်အခွန် ရာခိုင်နှုန်း ၁၀၀၊ ဆေးရွက်ကြီးအခွန် ရာခိုင်နှုန်း ၅၀၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးများ၊ ကွမ်းစားဆေးအမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုး၊ ၀ိုင်အမျိုးမျိုး၊ ကျွန်းသစ်လုံးနှင့် အခြေခံအဆင့်သာ ခွဲစိပ်ထားသည့် ကျွန်းခွဲသားများအား အခွန်ရာခိုင်နှုန်း ၅၀၊ ကျောက်မျက်ရတနာများအား အခွန်ရာခိုင်နှုန်း ၃၀၊ အပေါ့စားဘင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် အပေါ့စားဝက်ဂွန်များ၊ ကူပေးကားများအား အခွန် ၂၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ အခွန်ရှစ်ရာခိုင်နှုန်း ကျသင့်စေမည်ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

ထို့အပြင် အခွန်မကျသင့်သည့် ကုန်စည်များတွင် စပါး၊ ဂျုံစေ့၊ ပြောင်းအမျိုမျိုးနှင့် အခြားသီးနှံများ၊ မြေပဲ၊ နှမ်း၊ မုန်ညင်းစေ့၊ နေကြာစေ့၊ ဆီအုန်း၊ ကြံ၊ ဆား၊ ဓာတ်မြေသြဇာ၊ အုန်းဆီ၊ ကွန်ဒုံး၊ ဆန်၊ ဆန်ကွဲ၊ နိုင်ငံတော်အလံ၊ ကြက်ဥ၊ ဘဲဥ စသည်ဖြင့် ၇၂ မျိုးအား ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက ရောင်းရငွေအပေါ်တွင် လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းဖြစ်ပါက ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် လည်းကောင်း ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရဟု ပြဋ္ဌာန်းထားသည်။

ကုန်စည်တင်သွင်းခြင်း၊ ကုန်သွယ်မှု ဆောင်ရွက်ခြင်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း၊ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် ကင်းလွတ်ခွင့်ပြုသည့် ၀န်ဆောင်မှုများမှအပ ကျန်ဝန်ဆောင်မှုအပေါ် ရငွေအပေါ် ငါးရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေမည်ဖြစ်ကြောင်း သိရသည်။

ဝင်ငွေခွန်အနေဖြင့် တစ်ကျပ်မှ ငါးသိန်းကျပ်အထိအား တစ်ရာခိုင်နှုန်း၊ ၅၀၀၀၀၁ ကျပ်မှ ကျပ် ၁၀၀၀၀၀၀ အထိ နှစ်ရာခိုင်နှုန်း၊ ၁၀၀၀၀၀၁ ကျပ်မှ ၁၅၀၀၀၀၀ ကျပ်အထိ သုံးရာခိုင်နှုန်း၊ ကျပ် ၁၅၀၀၀၀၁ မှ ကျပ် ၂၀၀၀၀၀၀ အထိ လေးရာခိုင်နှုန်း၊ ၂၀၀၀၀၀၀၁ ကျပ်မှ အထက်အား ရာခိုင်နှုန်း ၂၀ စသည်ဖြင့် အဆင့်လိုက်ပေးဆောင်ရန် သတ်မှတ်ထားသော သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်လစာဝင်ငွေ အပေါ်တွင် ၀င်ငွေခွန်စည်းကြပ်ရန် ၀င်ငွေအလွှာ သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရဖြစ်စေ၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေအရဖြစ်စေ မြန်မာနိုင်ငံ၌ မှတ်ပုံတင်ပြီး တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်လျှင် ၀င်ငွေခွန် ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ မနုတ်မီ ယင်းကုမ္ပဏီက ရရှိသည့် ကျပ်ငွေဖြင့် စုစုပေါင်း ၀င်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ၀င်ငွေခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း စည်းကြပ်ထားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အခွန်အကောက်များ ကောက်ခံရန် မူလလျာထားချက်များ အနေဖြင့် ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက် ခန့်မှန်းခြေ ကျပ်သန်း ၁၄၆၄၄၈၇ ဒသမ ၇၇၄၊ ၀င်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက် ကျပ်သန်း ၁၆၆၄၉၃၂ ဒသမ ၇၂၉၊ အကောက်ခွန်မှ ကျပ်သန်း ၁၉၀၀၀၀၊ နိုင်ငံပိုင် သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက် ကျပ်သန်း ၁၅၇၁၁၆၀ ဒသမ ၄၄၀ တို့ လျာထားကြောင်း သိရသည်။

အမိန့်ကြော်ငြာစာများဖြင့် အခွန်များ ကောက်ခံနေခြင်းတွင် ရှုပ်ထွေးမှုများ ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment