မဖြစ်မနေ သိထားရမည့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုများ
--------------------------------------------
ခရစ်ကြိုနှစ် ၆ ရာစုခန့်ကစ၍ အိန္ဒိယမြေပေါ်တွင် ဗုဒ္ဓဂေါတမ ပျိုးထောင် အခြေချ
ထားရစ်သော ဗုဒ္ဓသာသနာသည် မိမိဇာတိနယ်မြေ၌ ခရစ်နှစ် ၁၂ ရာစုခန့် အထိသာ
အတက်အကျ၊ အနိမ့်အမြင့် လောကဓံတရားတို့ဖြင့် တည်တံ့နေရာမှ ၁၂ ရာစုအတွင်း
အိန္ဒိယနိုင်ငံသို့ ဝင်ရောက် မွှေနှောက်ခဲ့ကြသော အစ္စလာမ်ဝါဒီ စစ်သည်တို့၏
ဓားအောက်တွင် ကျေပျောက် ပျက်သုဉ်းခဲ့သည်။
ထို့ပြင် ပြန်လည်
အားပြည့်လာပြီ ဖြစ်သော မိရိုးဖလာ ဗြာဟ္မဏဝါဒ၊ ဟိန္ဒူဝါဒ တို့ကလည်း ဝါဒရေးရာအရ
တဖြည်းဖြည်း ဖြိုဝါးပစ်ခြင်းကြောင့် ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓဓမ္မတို့သည်
ဗြာဟ္မဏဝါဒ၊ ဟိန္ဒူဝါဒတို့၏ လွှမ်းမိုးမှုအောက်တွင် ကွယ်ပျောက် သွားရသည်။
အချို့ဒေသ၊ အချို့ခေတ်ပိုင်းတို့၌ အချို့သော မင်းတို့၏ လက်ထက်တွင် ဗုဒ္ဓဝါဒ
ပြန်လည် ထွန်းကားရေးအတွက် ကြိုးပမ်းခဲ့ကြ ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။
ယနေ့ အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓဘာသာဝင်ဆိုင်ရာ လှုပ်ရှားမှု အများဆုံးရှိသော ဒေသမှာ
ဗုဒ္ဓဂယာအရပ်ပင် ဖြစ်သည်။ သို့သော် နိုင်ငံရပ်ခြားမှ လာသော ဗုဒ္ဓဘာသာဝင်
ဘုရားဖူးသူများနှင့် တိုင်းရင်းသား လူနည်းစုမှအပ ဗုဒ္ဓဘာသာ အသိုက်အဝန်းဟူ၍
အထင်အရှား မရှိတော့ပေ။
နိုင်ငံတစ်နိုင်ငံတွင် စုစည်းနေထိုငကြသော
တိုင်းရင်းသား လူမျိုးများ၏ အမျိုးသား ယဉ်ကျေးမှုသည် အဆိုပါ လူမျိုးများ
ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ လိုက်နာကျင့်သုံးသည့် ရိုးရာဓလေ့စရိုက်၊
ပြုစုပျိုးထောင် ဖြစ်ထွန်းလာသည့် စာပေသုတတို့အပေါ် အခြေတည်ပြီး
ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စံ၊ ကိုယ်ပိုင်မူများနှင့် ဖြစ်ထွန်းလာစမြဲ
ဖြစ်ပေသည်။ ထို့ကြောင့် အမျိုးသား ယဉ်ကျေးမှုသည် လူမျိုးတစ်မျိုး၏
ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာဓလေ့ စရိုက်တို့ဆက်သွယ် လွှမ်းမိုးနေသည့်
ပင်ကို အရည်အသွေး ဖြစ်သကဲ့သို့ အမျိုးသားရေး လက္ခဏာသည်လည်း အဆိုပါ
လူမျိုးများ၏ ဝိသေသ ဂုဏ်ဒြပ်တစ်ရပ်ပင် ဖြစ်ပေသည်။
ခေတ်တစ်ခေတ်၏
ယဉ်ကျေးမှု အနုပညာ လက်ရာများသည် တိုင်းပြည်၏ လူနေမှု အဆင့်အတန်းကို
ဖော်ထုတ်နိုင်စွမ်း ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က
ထွန်းကားခဲ့သော ဗိဿနိုး၊ သရေခေတ္တရာနှင့် ဟန်လင်းစသော
ပျူမြို့ပြနိုင်ငံများ၊ ထို့ပြင် ခေတ်ပြိုင်ဖြစ်သော ရခိုင်၊ ဝေသာလီနှင့်
မွန်တို့၏ သုဝဏ္ဏဘုမ္မိ စသည့် မြို့ပြနိုင်ငံများ၏ ယဉ်ကျေးမှုသည် အဆင့်အတန်း
မြင့်မားစွာ ယခုထက်တိုင် ထင်ရှားရှိနေသည်။ ရခိုင်၊ မွန်၊ မြန်မာ၊
ရှမ်းတို့၏ အမျိုးဘာသာ၊ သာသနာကို ရှေးနှစ်ပေါင်း ထောင်ချီကတည်းက
စောင့်ရှောက် ခဲ့မှုကြောင့် ယနေ့ချိန်ထိ ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ
တည်ရှိနေခြင်း ဖြစ်သည်။
မြန်မာတို့သည် နိုင်ငံကိုချစ်ပြီး အမျိုး၊
ဘာသာ၊ သာသနာကို သမိုင်းစဉ်ဆက် စောင့်ထိန်းခဲ့သည်ကို သာဓက နှစ်ခုဖြင့်
တင်ပြလိုပါသည်။ အေဒီ (၁၀၄၃- ၁၀၁၇) မွန်တို့ဌာနီ ဟံသာဝတီတွင် တိဿ မင်းသည်
မူလဗုဒ္ဓဘာသာဝင် ဖြစ်သော်လည်း ဗြာဟ္မဏ အမတ်များ၏ သိမ်းသွင်းမှုကြောင့်
ဗုဒ္ဓဘာသာကို ယုံကြည်မှု သဒ္ဓါတရား နည်းပါး၍ ဗြာဟ္မကို ကိုးကွယ်သူ ဖြစ်သွားသည်။
သူ၏ တိုင်းသူပြည်သား များကိုလည်း ဗုဒ္ဓဆင်းတုတော် မကိုးကွယ်ရ၊
ကိုးကွယ်သူများကို သေဒဏ်ပေးမည်ဟု အမိန့်ထုတ်ခဲ့သည်။ ဘာသာရေးထက် အသက်ကို
တွယ်တာသူ အများစုတို့သည် မိမိတို့ ကိုးကွယ်သည့် ဗုဒ္ဓရုပ်တုများကို
ရေထဲသို့မျှောချခြင်း၊ မီးရှို့ခြင်း၊ ဝေးလံ ခေါင်သီလှသော တောနက်ထဲသို့
ပစ်ထားခြင်းများဖြင့် အယူဝါဒကို စွန့်ကြသည်။သို့သော် ဟံသာဝတီမြို့သူ
သူဌေးသမီးလေး တလထော်ကား သူ့ကိုးကွယ်မှုကို မစွန့်၊ သူ့အိမ်ထဲတွင်
ဗုဒ္ဓဆင်းတုကို ကိုးကွယ်လျက် ရှိသည်။ သူ၏ ဗုဒ္ဓဘာသာ ကိုးကွယ်မှု
သဒ္ဓါတရားသည်ကား ခိုင်မြဲလှပေသည်။
တစ်နေ့သောအခါ
အခြွေအရံများနှင့်အတူ မြစ်ဆိပ်သို့ ရေချိုးဆင်းသောအခါ ရေထဲတွင် မျောလာသော
ဆင်းတုတော် ရှစ်ဆူကို မိမိကိုယ်တိုင် ဆယ်ယူ၍ အခြွေအရံ များကိုလည်း
ဆယ်ယူစေသည်။ ရံရွေများက ရုပ်တုကိုးကွယ်လျှင် သတ်ရန် ဘုရင်ကြီးက
အမိန့်ထုတ်ထားကြောင်း မဆယ်ယူရန် တားမြစ်ကြသည်။ တလထော်က အသက်သေရန် မကြောက်၊
ဗုဒ္ဓဆင်းတုတွေ သယ်ယူခြင်းကို သူတာဝန်ယူကြောင်း ပြော၍ ဆယ်ယူ
ကိုးကွယ်ခဲ့ကြသည်။ ဘုရင်တိဿ ကြားသိသောအခါ တလထော်ကို ဖမ်းဆီးပြီး
ဆင်ဆိုးကြီးများကို အရက်ပြင်းတိုက်၍ အကြိမ်ကြိမ် ထိုးသတ်စေခဲ့သည်။
ဆင်များကား သရဏဂုံတည်သူ တလထော်ကို မထိုးဝံ့ဘဲ ဝူးဝူးဝါးဝါးအော်ကာ နောက်သို့
ဆုတ်ပြေးသွားကြသည်။ ဆင်နင်း၍ မသေ၊ ထို့ကြောင့် မီးဖိုကာ မီးရှို့၏။
သို့သော်လည်း အလျှံတညီးညီး တောက်လောင်နေတော ထိုမီးသည် တရားရှင်မလေး
တလထော်ကို မွေးညင်းတစ်ပင်မျှ မီးလောင်ကျွမ်းစေခြင်း
အလျှင်းမပြုနိုင်ခဲ့ချေ။
နောက်ဆုံး မြေဖို့သတ်ရန် စီစဉ်ပြီး
မြေမဖို့မီ ဘုရင်က သင့်အိမ်က ဗုဒ္ဓရုပ်တု ရှစ်ဆူကို ဤနန်းရင်ပြင်သို့
ကောင်းကင်မှ ဈာန်ဖြင့် ကြွလာအောင် ပင့်ဆောင်နိုင်ပါက အသက်ချမ်းသာပေးမည်။
သူကိုယ်တိုင် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူမည်ဟု ပြောဆိုလေသည်။ ဘုရင်နှင့်
သူ၏အမတ်တို့ကား တလထော် မလုပ်နိုင်ဟု ယုံကြည်ကြလေသည်။ တလထော်က
ရတနာသုံးပါးကို ယုံကြည်သူ ဖြစ်၍ ‘ဗုဒ္ဓဆင်းတုတော်များကို အသက်နှင့်ရင်း၍
ကိုးကွယ် ပူဇော်ခဲ့ပါသည်။ ရတနာ မြတ်သုံးပါးသည် ဂုဏ်တော်အနန္တ ကြီးမြတ်တော်
မူလှပါသည်။ ဤမှန်သော သစ္စာစကားကြောင့် မြတ်စွာဘုရားကိုယ်စား ရုပ်ပွားတော်
ရှစ်ဆူတို့သည် တိဿဘုရင် နန်းရင်ပြင် ကောင်းကင်ထက်၌ ကြွလာ စံပယ်တည်တော်
မူကြပါစေသတည်း’ ဟု သစ္စာအဓိဋ္ဌာန် လိုက်ပါသည်။ သစ္စာစကား ဆုံးသည်နှင့်
ဗုဒ္ဓရုပ်ပွား ဆင်းတုတော် ရှစ်ဆူသည် သက်ရှိအလား ဈာန်ဖြင့်
ကြွမြန်းလာတော်မူပြီး ဘုရင့်နန်းတော် ကောင်းကင်ယံဝယ် ရွှေရောင်
တဝင်းဝင်းဖြင့် ရောက်ရှိစံမြန်း နေပါတော့သည်။ ထိုအခါ တိဿဘုရင်နှင့်
တိုင်းသူပြည်သားတို့သည် အံ့သြဘနန်း ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များအဖြစ်
ခံယူသွားကြပါသည်။ အသက်နှင့်ရင်း၍ သရဏဂုံတည်သော တလထော် အမျိုးသမီးလေး၏
သဒ္ဓါတရားကား ရှာမှရှား ထူးမြတ်လှပေသည်။
ပုဂံပြည့်ရှင်
ကျန်စစ်သားမင်းကြီးသည် သမီးတော် ရွှေအိမ်စည်နှင့် ပြဒါးလုံး ပိုင်ရှင်
ဘာသာခြား ပဋိက္ကရား မင်းသားတို့ လူငယ်သဘာဝ ရည်ငံနေကြသည်ကို သိသောအခါ
အမျိုးဘာသာ သာသနာအတွက် ပြင်းထန်စွာ ငြင်းဆန်ခဲ့ပါသည်။ ထို့ကြောင့် တူတော်
စောယွန်းမင်းသားနှင့် သမီးတော်ကို လက်ဆက်ပေးခြင်း ဖြစ်သည်။
ကျန်စစ်သားမင်းကြီး၏ စောင့်လေမျိုးနွယ် အစဉ်အလာကို အလေးအနက်ထား
ထိန်းသိမ်းခဲ့သည့် ပြယုဂ်သည် မြန်မာ့သမိုင်းတွင် အထင်အရှား ရှိခဲ့သည်။
ထို့ကြောင့် မြေးတော် သာသနာပြု အလောင်းစည်သူမင်း ပေါ်ထွန်းခဲ့ပြီး
မြန်မာ့သမိုင်း ထွန်းတောက်ခဲ့ပါသည်။
နတ်သုဒ္ဓါကဲ့သို့ ချိုအီလှသည့်
ဗန္ဓရ သရက်သည် နွယ်ခါးတက်၍ အရသာပျက်ပြီး အမျိုးပါ ပျက်ခဲ့ရကြောင်း ရှေးသာဓက
ထုံးဟောင်းများလည်း ရှိပါသည်။ မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ
လူမျိုးပြုတ်မည် ဖြစ်၍ ဝံသာနုရက္ခိတ တရားကို သတိကြီးစွာဖြင့်
မြဲမြဲဆုပ်ကိုင် ထားရမည် ဖြစ်သည်။ ‘ကမ္ဘာကျော် မိလိန္ဒပဥှာ’ ကျမ်းကို
မေးတော်မူသော ‘မိလိန္ဒမင်းကြီး’ နှင့် ဖြေကြားတော်မူသော ‘ရှင်နာဂသိန်’ တို့၏
အဖြစ်အပျက်သည် ယခု ‘အာဖဂန်နစ္စတန်’ နိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်။ လွန်ခဲ့သော
နှစ်ပေါင်း ၂၀၀၀ ကျော်က ကမ္ဘာ့ဉာဏ်တော် အမြင့်ဆုံး မတ်ရပ်
ဆင်းတုတော်ကြီးသည်လည်း ယင်းနိုင်ငံ၌ပင် ရှိခဲ့သည်။ ကမ္ဘာ့အကြီးဆုံး
စေတီတော်မြတ်ကြီးသည်လည်း ယခု အင်ဒိုနီးရှားနိုင်ငံတွင် တည်ရှိနေပါသည်။
ဗုဒ္ဓဘာသာဝင် လူငယ်များ ဗဟုသုတများစေရန် ဖော်ပြခြင်း ဖြစ်ပါသည်။
ဘုရားရှင်၏ အဆုံးအမများကို သိရှိအောင် ကြိုးစားခြင်းနှင့် လိုက်နာ
ကျင့်ကြံခြင်းမျှဖြင့်သာ ရောင့်ရဲ ကျေနပ်မနေသင့်။ မိမိတစ်ဦးတည်း
ကျင့်ကြံနေခြင်းမှာ မိမိ၏ အတ္တဟိတအတွက် ဆောင်ရွက်ခြင်းသာ ဖြစ်၏။ ဗုဒ္ဓ
အဆုံးအမတော်များကို ပျံ့နိုင်သမျှ ပျံ့နှံ့စေရန် အားထုတ် ဆောင်ရွက်မှသာ
ဗုဒ္ဓဘာသာဝင် တစ်ဦး၏ တာဝန် ကျေပွန်ပါလိမ့်မည်။ (သပြေကန် ဆရာတော်ဘုရားကြီး
အရှင်ဝါသေဋ္ဌာဘိဝံသ)။ ထို့ကြောင့် မျိုးဆက်သစ်များ အနေနှင့် ဆရာတော်ကြီး၏
အဆုံးအမကို အလေးအနက်ထား လိုက်နာသင့်ပေသည်။
နိုင်ငံသည်
လူမျိုး၌တည်၏။ လူမျိုးသည်ကား ယဉ်ကျေးမှု၌ တည်၏။ ယဉ်ကျေးမှုကား ဘာသာတရား၌
တည်၏။ ဘာသာတရားကား ထုတ်ဖော် ညွှန်ပြသူ၌ တည်၏။ ထိုသူ မရှိလတ်သော် ထိန်းသိမ်း
စောင့်ရှောက်သော ဘာသာရေး ခေါင်းဆောင်များ၌ တည်၏။ ထို့ကြောင့် ဘာသာ
တရားကောင်းလျှင် ယဉ်ကျေးမှု တင့်တယ်၏။ ယဉ်ကျေးမှု တင့်တယ်လျှင် လူမျိုးများ
သိမ်မွေ့၏။ လူမျိုးများ သိမ်မွေ့လေသော် နိုင်ငံတော် အေးချမ်းသာယာဝပြော၏။
ထို့တူစွာ ဘာသာတရားများ ကမောက်ကမ ဖြစ်ခဲ့လျှင် မိမိနိုင်ငံသာမက
ကမ္ဘာကြီးသည်ပင် မအေးချမ်း၊ မသာယာနိုင်တော့ပါ။ (ဘဒ္ဒန္တတိလောကာဘိဝံသ ပဓာနမဟာ
နာယက အင်းစိန် ရွာမပရိယတ္တိ စာသင်တိုက်)။ ထို့ကြောင့် မိမိကိုးကွယ်ရာ
ဘာသာတရားကို ယုံယုံကြည်ကြည် လေးလေးနက်နက် ကိုးကွယ်ရမည် ဖြစ်သည်။
အဆောက်အအုံ တစ်ခုခု ဆောက်လုပ်ရာတွင် အောက်ခြေ၊ အခြေခံအုတ်မြစ် (Foundation)
သည် အရေးကြီးဆုံး ဖြစ်၏။ အခြေခံအုတ်မြစ် ကောင်းမွန်ခိုင်ခံ့ပါမှ
တောင့်တင်း ခိုင်မာသော အဆောက်အအုံ များကို တည်ဆောက်နိုင်စွမ်းရှိ၏။ အခြေခံ
အုတ်မြစ်သည် အဆောက်အအုံကြီး တစ်ခုလုံးအတွက် အရေးအကြီးဆုံး အပိုင်းဖြစ်၏။
မည်မျှပင် ကြီးမားသော အဆောက်အအုံ ဖြစ်စေကာမူ အခြေခံအုတ်မြစ် မကောင်းလျှင်
မကြာမီ ပြိုလဲသွားနိုင်၏။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်များအနေနှင့် ဘာသာ၊
သာသနာ၊ ယဉ်ကျေးမှု ဝံသာနုရက္ခိတ တရားများ အခြေခံ အားကောင်းရန်
အလွန်အရေးကြီးကြောင်း ရေးသားလိုက်ရပါသည်။
No comments:
Post a Comment