Pages

15.2.14

ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီဖြစ်ရန် ပြင်ဆင်နေသော ကုမ္ပဏီ လေးခုရှိ

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီ ဖြစ်ရန် အတွက် ပြင်ဆင်လျက်ရှိသော အများပိုင် ကုမ္ပဏီ လေးခုရှိကြောင်း မြန်မာငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး (MSEC) မှ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ အများပိုင် ကုမ္ပဏီ လေးခုအနက်မှ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်သည် ဒိုင်ဝါ လုပ်ငန်းစုနှင့် သဘောတူ စာချုပ်ချုပ်ကာ ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီဖြစ်နိုင်ရန် စတင် ဆောင်ရွက်လျက် ရှိပြီး ကျန်ကုမ္ပဏီ သုံးခုမှာမူ ယခုမှ စတင် ပြင်ဆင်ဆဲသာ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီ ဖြစ်ရန်အတွက် အများပိုင် ကုမ္ပဏီ ရှယ်ယာများကို အများပြည်သူ ဝယ်ယူနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်ပြီး ယင်းအဆင့်ကို အများပြည်သူသို့ ကနဦး ကမ်းလှမ်းမှု လုပ်ငန်းစဉ် (Initial Public Offering- IPO) အဖြစ် အချိန်ယူ ဆောင်ရွက်ရန် လိုကြောင်း ကမ္ဘာ့ရတနာ အများပိုင်ဘဏ်မှ အကြီးတန်း အကြံပေး ဒေါက်တာ ဂျော့ခ်ျစိုးဝင်းက ဆိုသည်။

၂၀၁၅ ခုနှစ်တွင် ရန်ကုန် စတော့အိတ်ချိန်း ပေါ်ပေါက် လာရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ တိုကျို စတော့အိတ်ချိန်းနှင့် ဒိုင်ဝါ လုပ်ငန်းစုတို့သည် နားလည်မှု သဘောတူ စာချုပ် ချုပ်ဆိုထားပြီး အိုင်တီ နည်းပညာပိုင်းနှင့် စတော့ရှယ်ယာ ရောင်းဝယ်ရေး လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို တိုကျို စတော့အိတ်ချိန်းက ကူညီ ထောက်ပံ့မည် ဖြစ်သည်။

ရန်ကုန် စတော့အိတ်ချိန်း ပေါ်ပေါက်ရေးအတွက် အရေးပါသော ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး နည်းဥပဒေ ပြဋ္ဌာန်းနိုင်ရေးနှင့် စတော့အိတ်ချိန်းကို ကြီးကြပ်မည့် ငွေချေး သက်သေခံ ကော်မရှင် (Securities Exchange Commission- SEC) ဖွဲ့စည်းခြင်းတို့ကို ယခု ဘဏ္ဍာနှစ်အတွင်း အပြီးသတ် လုပ်ဆောင်မည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုသည်။

ထို့အပြင် ရန်ကုန် စတော့အိတ်ချိန်းကို အဓိက ဦးစီး လုပ်ကိုင်မည့် ဖက်စပ် ကုမ္ပဏီကိုလည်း ယခု ဘဏ္ဍာနှစ်အတွင်း ဖွဲ့စည်း တည်ထောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်တွင်းတွင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ ဖွဲ့စည်းမှု များပြားလာပြီး အများပိုင် ကုမ္ပဏီပေါင်း ၁၈၈ ခု ရှိလာပြီ ဖြစ်သော်လည်း လုပ်ငန်း လုပ်ကိုင်မှုများနှင့် ပတ်သက်၍ အများပြည်သူသို့ ကြိုတင် ရှင်းလင်း ချပြမှု မရှိဘဲ လုပ်ဆောင်မှုများ ရှိနေကြောင်း ကုမ္ပဏီ လမ်းညွှန် လုပ်ငန်း လုပ်ကိုင်နေသူ ဦးငွေသိန်းက မှတ်ချက်ပြုသည်။

The Voice

No comments:

Post a Comment