Pages
▼
22.2.14
CNN သတင်းအဖွဲ့ကို နှင်ထုတ်ပစ်မည်ဟု ဗင်နီဇွဲလား သမ္မတ ခြိမ်းခြောက်
Saturday, February 22, 2014
အမေရိကန် သတင်းအေဂျင်စီ CNN က ဗင်နီဇွဲလား အကြောင်း သတင်း တင်ပြ ထားပုံများကို ပြန်မပြင် ပေးပါက ယင်းသတင်း အဖွဲ့ကို မောင်းထုတ် ပစ်မည်ဟု ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုက ပြောကြားခဲ့သည်။
အစောပိုင်းက သမ္မတ မာဒူရိုသည် ဆန္ဒပြ မတည်ငြိမ်မှုများ ဖြစ်နေရာ အနောက်ပိုင်းပြည်နယ် တာချီရာကို တပ်များ စေလွှတ်မည်ဟု ဆိုခဲ့သေးသည်။
ယင်းသို့ တင်းမာမှုများ မြင့်တက်နေချိန်တွင် အတိုက်အခံ ပါတီ ခေါင်းဆောင် ဟင်းနရစ်ကာ ပရီလက်စ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ငြိမ်းချမ်းစွာ ချက်ချင်း ပြုလုပ်ကြရန် ပြောကြားလိုက်သည်။
ဆန္ဒပြသူများ အနေနှင့် လုံးဝ အကြမ်းမဖက်ကြရန်၊ အတိုက်အခံများ ဘက်မှ ဆွေးနွေးရန် အဆင်သင့် ရှိကြောင်း၊ သို့သော် အစိုးရသည် လုံးဝ နားမထောင်ပါကြောင်း စသဖြင့် မစ္စတာ ကာပရီလက်စ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
အတိုက်အခံများသည် အကြမ်းဖက်မှုများကို အားပေး အားမြှောက် လုပ်နေသည်ဟု သမ္မတ မာဒူရိုက အစိုးရ ရုပ်သံလိုင်းမှ ပြည် သူကို ပြောကြားခဲ့သည်။
ကရာကတ်စ် ရထား လမ်းကြောင်းတွင် တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သော ဆန္ဒပြသူများကို ဗီဒီယို မှတ်တမ်းများ ရရှိထားကြောင်း၊ ၎င်းတို့ကို စစ်ဆေး ရုံးတင် အပြစ်ပေးသွားမည် ဖြစ်ကြောင်းလည်း အခိုင်အမာ ပြောဆိုခဲ့သည်။
“စစ်ဖြစ်အောင် ဝါဒဖြန့်တာတွေ မလုပ်သင့်ပါဘူး။ ဗင်နီဇွဲလားကို စစ်ဖြစ်အောင် ဝါဒဖြန့်တာတွေကို လက်ခံသွားမှာ မဟုတ်ပါဘူး။ ပြန်မပြင်ဆင်ပေးဘူး ဆိုရင် ဗင်နီဇွဲလားက ထွက်သွားပါ။ CNN ထွက်သွားပါ” ဟု သမ္မတက အတိအလင်း ပြောခဲ့သည်။
CNN သတင်းဌာန၏ ပြောရေးဆိုခွင့်ရ အရာရှိက သမ္မတ မာဒူရို၏ မှတ်ချက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုရန် မရှိသေးပါကြောင်း BBC ကို ပြောကြားခဲ့သည်။
ဗင်နီဇွဲလား အစိုးရသည် ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ခဲ့ သည့် အမေရိကန် သံရုံးမှ သံတမန် သုံးဦးကိုလည်း တိုင်းပြည်မှ ထွက်ခွာ သွားကြရန် ပြောဆိုခဲ့ဖူးသည်။
The Voice Weekly
No comments:
Post a Comment