Pages

16.2.14

မလေးရှားနိုင်ငံ Multi Media Group မှ မြန်မာ့ ဆန်စပါး ထုတ်လုပ်မှုကို မှတ်တမ်း ရိုက်ကူး



မလေးရှားနိုင်ငံရှိ Multi Media Group မှ ရုပ်သံရိုက်ကူးရေး အဖွဲ့သားများသည် မြန်မာ နိုင်ငံရှိ ဆန်စပါး ထုတ်လုပ်မှု အခြေအနေများကို ''Rice Bowl of Asia" အမည်ဖြင့် မှတ်တမ်း လာရောက် ရိုက်ကူးလျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းမှ သိရသည်။

မလေးရှားနိုင်ငံ Multi Media Group သည် မြန်မာနိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှု အကြောင်းအရာများ မှတ်တမ်း ရိုက်ကူးမှုကို ဖေဖော်ဝါရီ ၁ဝ ရက်က မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ်တွင် စတင် ရိုက်ကူးခဲ့ပြီး ရန်ကုန်မြို့ ဝန်းကျင်နှင့် မှော်ဘီတွင် ပြုလုပ်သည့် ဟားဗက် နည်းပညာပိုင်း ဆိုင်ရာ ရိတ်သိမ်း ခြွေလှေ့စက် အသုံးပြုခြင်း ဆိုင်ရာ သင်တန်း ဆင်းပွဲ အခမ်းအနား သို့လည်း မှတ်တမ်း သွားရောက်ရိုက်ကူးခဲ့ကြောင်း သိရသည်။

''မလေးရှားနိုင်ငံ Multi Media Group ဟာ တစ်ချိန်က အာရှရဲ့ စပါးကျီ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ ရဲ့ဆန်စပါး ထုတ်လုပ်မှုသမိုင်းနဲ့ လက်ရှိ အချိန်မှာ အရင်ကလို အာရှရဲ့ စပါးကျီဖြစ်အောင် ပြန်လည် ကြိုးစားနေတဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင် ရိုက်ကူးခြင်း ဖြစ်ပါတယ်။ မှတ်တမ်း ရိုက်ကူးရေး အဖွဲ့ဝင်တွေက မြန်မာနိုင်ငံရဲ့ ဆန်စပါး ထုတ်လုပ်မှု အကြောင်းကို တစ်ပတ်လောက် အချိန်ယူပြီး ရိုက်ကူးရေး လုပ်ဆောင်မှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မှတ်တမ်း ရိုက်ကူးရေး အဖွဲ့သည် မြန်မာ နိုင်ငံ၏ ဆန်စပါး ထုတ်လုပ်မှုနှင့် ပတ်သက်၍ အသေးစိတ် မှတ်တမ်း တင်နိုင်ရန် ကျိုက်လတ်သို့ ရိုက်ကူးရေး သွားရောက် လုပ်ဆောင်မည် ဖြစ်သည်။ အဆိုပါ ရိုက်ကူးရေး အဖွဲ့သည် မှတ်တမ်း ရိုက်ကူးမှုတွင် မြန်မာနိုင်ငံ ဆန်စပါး ကဏ္ဍ တစ်ခုလုံး ပါဝင်စေရန်အတွက် တောင်သူ လယ်သမားများနှင့် တွေ့ဆုံကာ တောင်သူ လယ်သမားများ၏ လူနေမှု ဘဝများကိုလည်း မှတ်တမ်းတင်မည် ဖြစ်ကြောင်း သိရသည်။

ရိုက်ကူးရေး အဖွဲ့ဝင်များသည် မြန်မာ့ဆန် စပါးအကြောင်းကို Documentary ရိုက်ကူး နိုင်ရေး အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအောင်ဇော်ဦးနှင့် ညှိနှိုင်း ဆွေးနွေးမှု ပြုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment