Wednesday, March 5, 2014
မြန်မာနိုင်ငံ၌ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးဖြစ်သည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးက ၎င်းတို့၏မိုဘိုင်းကွန်ရက် ချိတ်ဆက်မှုနည်းပညာကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အူရီဒူးကုမ္ပဏီက ၎င်းတို့ရုံးချုပ်တည်ရှိရာ MICT Park အနီးတွင် ပထမဆုံး ကွန်ရက်ချိတ်ဆက်ခြင်း နည်းပညာပိုင်း အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ကွန်ရက်က အချက်အလက်များ ပေးပို့နိုင်ခြင်း၊ စာတိုပေးပို့နိုင်ခြင်း၊ အသံလှိုင်းများ စမ်းသပ်ခြင်းတို့ကို ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
စမ်းသပ်လိုက်သော ကွန်ရက်သည် အသံလိုင်းကြည်လင်ပြီး စာတိုပို့ရာတွင် မြန်ဆန်ကြောင်း၊ အင်တာနက်စာမျက်နှာများသို့လည်း သွားရောက်နိုင်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ ကွန်ရက်ဖြန့်ကြက်ရာမှာ ဒီနေ့အခုလို အောင်အောင်မြင်မြင် ကွန်ရက်ရရှိသွားတာ အူရီဒူးမြန်မာအတွက် သမိုင်းမှတ်ကျောက်တစ်ခု တင်လိုက်နိုင်တာ ဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် ရော့စ်ကောမက်က ပြောကြားသည်။
၎င်းတို့အနေနှင့် လိုင်စင်ပါ သဘောတူညီချက်များကို အချိန်မီပြည့်မီရန် မြန်မြန်ဆန်ဆန် လုပ်ဆောင်နေချိန်တွင် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု သိရသည်။
“အချိန်တိုတိုအတွင်း သတ်မှတ်ချက်တွေ ပြည့်မီဖို့ဆိုတာ တကယ်တော့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရပါတယ်။ တာဝါတိုင်တွေ ဆောက်လုပ်ရေးမှာ ဆောက်လုပ်ခွင့်ကျဖို့ ထင်ထားတာထက် ပိုကြာတာကို တွေ့ရပါတယ်။ ဒီလုပ်ငန်းစဉ်တွေ အချိန်မီ ပြီးစီးဖို့ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
အူရီဒူးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လာမည့်ဇူလိုင်လခန့်တွင် ဆက်သွယ်ရေး ၀န်ဆောင်မှုများ စတင်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်လိုင်စင်အတွက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီနှစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က စတင်အသက်ဝင်သည့် လိုင်စင်ကို ပေးအပ်ခဲ့သည်။
အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးက လိုင်စင်ရရှိအပြီး ခြောက်လမှ ရှစ်လ၀န်းကျင်ခန့်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ပေးအပ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အူရီဒူးကုမ္ပဏီ၏ မိုဘိုင်းကွန်ရက်နည်းပညာ စတင်စမ်းသပ်နေစဉ် (ဓာတ်ပုံ-အူရီဒူး)
Eleven Media Group
No comments:
Post a Comment