အဖေ ဦးချစ်ကောင်း၏ အမွေကို အပြည့်အဝ ယူခဲ့တဲ့ အဆိုတော် အိမ့်ချစ်ဟာ
လူငယ် ပရိသတ်တွေ ကြားထဲမှာ နေရာတစ်နေရာကို ရရှိခဲ့ပါပြီ။ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့ချိန်မှာ ၂ဝ ကျော်
ကောင်မလေး အိမ့်ချစ်ရဲ့ အချစ်ရေးကိုလည်း ပရိသတ်များက စိတ်ဝင်စား
လာခဲ့ကြပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အိမ့်ချစ်ရဲ့ အချစ်ရေးနဲ့
ပတ်သက်လို့ သူမ ခံယူထားပုံကို ယခုလို ပြောပြခဲ့ပါတယ်။
''ညီမက
မြန်မာမိန်းကလေး ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့အချစ်ရေးကို မသေချာဘဲနဲ့
မပြောပြချင်သေးပါဘူး။ ပရိသတ်ကို ညာပြီးတော့ ရည်းစား မရှိသေးပါဘူးလို့လည်း
မပြောချင်ပါဘူး။ အိမ့်ချစ်က ခေတ်လူငယ် တစ်ယောက် အနေနဲ့ကတော့ ရည်းစား
မထားဘူးလို့ ပြောရင်လည်း မယုံပါဘူး။ ရှိတယ်လို့ ပြောရ လောက်အောင်လည်း
သတ္တိရှိတဲ့ မိန်းကလေးထဲမှာ အိမ့်ချစ် မပါပါဘူး။ လူ့ရဲ့ကံကြမ္မာ ဆိုတာ
ပြောလို့ မရပါဘူး။ ကိုယ်နဲ့ ဖူးစာပါတဲ့ လူဆိုတာ မသိနိုင်ပါဘူး။
ဖူးစာရေးနတ်ပဲ သိပါတယ်။ အဲဒီတော့ ကိုယ့်ဘဝရဲ့ လက်တွဲဖော် လူတစ်ယောက်ကိုသာ
ထုတ်ဖော် ကြေညာမှာပါ'' ဟု သူမက ပြောပြခဲ့သည်။
အိမ့်ချစ်ရဲ့ ပထမ
စီးရီးဖြစ်တဲ့ ကိုယ်တိုင်ရေး ပုံတူ ပန်းချီအခွေ ထွက်ရှိပြီး ယခုအခါ ဒုတိယ
တေးစီးရီး ဖြစ်တဲ့ ''အချစ်ရေး'' အခွေကို နိုဝင်ဘာ ၁၆ ရက်တွင် ထွက်ရှိမည်
ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။
''နိုဝင်ဘာ ၁၆ ရက်မှာ ထွက်တဲ့
စီးရီးမှာ အိမ့်ချစ်နဲ့ အတူ ပါဝင် သီဆိုထားတဲ့ စိုင်းစိုင်းခမ်းလှိုင်၊
ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ ထက်ထက်နဲ့ အနုပညာရှင် များစွာတို့က တော်ဝင်
စင်တာမှာ လက်မှတ်ရေးထိုး ပေးကြမှာ ဖြစ်ပြီး သီချင်းများနဲ့လည်း
ဖျော်ဖြေကြမှာပါ။ အိမ့်ချစ်အနေနဲ့ ဒီခွေလေးကို အချိန် တစ်နှစ်ယူပြီး
လုပ်ခဲ့ ရပါတယ်။ အိမ့်ချစ် သီချင်းတွေ အားလုံးကိုလည်း အကောင်းဆုံး
ဖြစ်အောင် လုပ်ထားပါတယ်။
''အချစ်ရေး'' လို့ ပေးဖြစ်တာက အိမ့်ချစ်
ခေါင်းစဉ်ပေးဖို့ နာမည်တွေ အများကြီး ချရေးဖြစ်တယ်။ နောက်ဆုံး အကြံ
ရသွားတာက အနုပညာရှင်တွေကို ပရိသတ် စိတ်ဝင်စားကြတာက အချစ်ရေးလေ။ ဒါကြောင့်
''အချစ်ရေး'' ဆိုတဲ့ ခေါင်းစဉ်လေး ပေးဖြစ်တာပါ။ ဒီ သီချင်းခွေထဲမှာ
ဖေဖေရယ်၊ အိမ့်ချစ်ရယ်၊ မောင်လေးရယ် သုံးယောက် ဆိုထားတဲ့ သီချင်းလေးလည်း
ပါတယ်။ Pop သီချင်း အမျိုးအစား လေးတွေ လည်းပါတယ်'' လို့ သူမက ဆက်လက်
ပြောကြားခဲ့သည်။
အိမ့်ချစ်၏ ပရိသတ်များ အတွက် စကားလေးက
အိမ့်ချစ်ရဲ့ ''အချစ်ရေး'' ဆိုတဲ့ အခွေလေးကို အားပေးကြပါ။
အိမ့်ချစ်ကိုယ်တိုင် ကိုယ့်ခြေကိုယ့်လက်နဲ့ ကြိုးစား အားထုတ်ထားတဲ့
အခွေလေးပါ။ နိုဝင်ဘာ ၁၆ ရက် မှာလည်း တော်ဝင်စင်တာမှာ ပရိုမိုးရှင်းပွဲ
ရှိပါတယ်။ လာရောက် အားပေးကြပါဦးလို့ ပြောချင်ပါတယ်'' ဟု ယခုလို ပြောကြား
ခဲ့ပါသည်။
Credit To : မြ၀တီ
No comments:
Post a Comment