Pages
▼
4.3.14
အစ္စရေး အကူအညီနှင့် ရှေးဟောင်း ခေါင်းလောင်းများကို သုတေသနပြုမည်
၎.၃.၂၀၁၄၊ အင်္ဂါနေ့
ဘုရားစေတီ ပုထိုးများရှိ ရှေးဟောင်း ခေါင်းလောင်းကြီးများ၏ မှတ်တမ်း သမိုင်းများ ပြန်လည် ဖော်ထုတ်ရေး အတွက် အစ္စရေးနိုင်ငံ ဟိုင်ဖာတက္ကသိုလ်နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စတင် သုတေသန ပြုနေကြောင်း မြန်မာနိုင်ငံရှိ အစ္စရေး သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ကနဦး သုတေသန အဖြစ် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များရှိ စေတီ၊ ပုထိုးများရှိ သတ္တု ခေါင်းလောင်းများကို မှတ်တမ်း ပြုစုခဲ့ကြကြောင်း၊ အဆိုပါ လေ့လာရေး ခရီးစဉ်တွင် ဟိုင်ဖာတက္ကသိုလ် ရှေးဟောင်း သုတေသနဌာန အကြီးအမှူး ပါမောက္ခ စာရီရယ်ရှာလစ်နှင့် အတူ ပြည်မြို့နယ် ရှေးဟောင်း သုတေသန သင်တန်းသားများ လိုက်ပါခဲ့ကြောင်း အစ္စရေးသံရုံး ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောဆိုသည်။
“ရှေ့ဆက် ပူးပေါင်းဖို့တွေ ရှိသေးတယ်။ အသေးစိတ်ကိုတော့ မထုတ်ပြန်ပေးနိုင်သေးဘူး” ဟု ၎င်းကဆိုသည်။
ခေါင်းလောင်း သမိုင်းကြောင်းများကို ပြန်လည် ဖော်ထုတ်ရန် သွန်းလုပ်ထားသော သတ္တု အမျိုးအစားများကို မှတ်တမ်းတင်ခြင်းသည် အခြေခံကျသော လေ့လာမှု ဖြစ်ကြောင်း၊ ယင်းကြောင့် အစ္စရေး စွန့်ဦး တီထွင် ပညာရှင်တစ်ဦး အဆိုပါ သုတေသန အစီအစဉ်ကို စီစဉ်ခဲ့ကြောင်း အဆိုပါသံရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရှေးဟောင်း သုတေသန အစီအစဉ်သည် အစ္စရေး-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းမှု အစီအစဉ်များထဲမှ ကဏ္ဍတစ်ခု ဖြစ်ပြီး အစ္စရေး-မြန်မာ သံတမန် ဆက်ဆံရေးမှာ နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ပြီ ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment