Pages

28.10.14

အင်ဒိုနီးရှား အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီဒိုဒို၏ အစိုးရအဖွဲ့မှ ဝန်ကြီး ၃၄ ဦးသည် ဂျကာတာမြို့ သမ္မတနန်းတော်တွင် အောက်တိုဘာ၂၇ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။
ဝီဒိုဒိုသည် ဇူလိုင်လ ရွေးကောက်ပွဲတွင် ၎င်းအားထောက်ခံသည့် ပါတီများကို အကျိုးခံစားခွင့်ရရှိစေရန် သက်ဆိုင်ရာ နယ်ပယ်ရပ်များတွင် လုပ်ကိုင်နေသော အကောင်းဆုံးသူများကို ရွေးချယ်ရာတွင် ဟန်ချက်ညီမျှမှုရှိစေရန်  ဆောင်ရွက်ရသောကြောင့် ပညာရှင်များနှင့် ပါတီနိုင်ငံရေးသမားများအကြား သဘောထားကွဲလွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဝီဒိုဒိုသည် အောက်တိုဘာ၂၆ရက်က အစိုးရအဖွဲ့တွင် ခန့်အပ်မည့်သူများ၏ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ အမျိုးသမီးဝန်ကြီး ရှစ်ဦးအထိ ပါဝင်ခဲ့သည်။

ဝီဒိုဒိုသည် အစိုးရအဖွဲ့တွင် ခန့်အပ်မည့် သူများစာရင်းကို မကြေညာမီ စိစစ်မှု ပြုလုပ်နိုင်ရန် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်
(KPK) ကိုတောင်းဆိုမှုများပြုလုပ်ခဲ့သည်။

သမ္မတ ဂျိုကိုဝီဒိုဒိုသည် အစိုးရအဖွဲ့တွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနေရာအတွက် ၎င်းကိုယ်တိုင် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဂျိုကိုဝီ၏ အသွင်းကူးပြောင်းရေးအဖွဲ့မှ လက်ထောက်ဟောင်း အန်ဒီဝစ်ဂျာဂျန်တိုက အောက်တိုဘာ၂၆ရ က်တွင် ပြောကြားခဲ့သည်။

ဂျိုကိုဝီအနေဖြင့် ဂျကာတာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်က မီဒီယာများနှင့်ပြည်သူများသို့ ပြောကြားခဲ့သည့် ပုံစံအတိုင်း တိုက်ရိုက်ပြောဆိုမှုပုံစံကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြာင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

"သမ္မတအနေနဲ့ ပြောရေးဆိုခွင့်ရှိသူကို မလိုအပ်ပါဘူး။ သမ္မတကိုယ်တိုင် ပြောရေးဆိုခွင့်ရှိသူ အဖြစ်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်အတွက် သမ္မတက မီဒီယာကနေတိုက်ရိုက် ပြောကြားခြင်း သို့မဟုတ် ၎င်း၏၀န်ကြီးများမှ တစ်ဆင့် ပြောကြားသွားမှာပါ။" ဟု အန်ဒီက ပြောကြားခဲ့သည်။

ယခင်သမ္မတ ဆူဆီလို ဘမ်းဘမ်းရက်ဟိုယိုနိုသည် ဆယ်နှစ်တာ အုပ်ချုပ်မှုကာလအတွင်း သမ္မတ၏ သတင်းထုတ်ပြန်ချက်များကို ထုတ်လွှင့်ပေးရန်အတွက် သီးခြားပြောရေးဆိုခွင့်ရှိသူ သုံးဦးကို ခန့်အပ်ခဲ့သည်။

Mizzima

No comments:

Post a Comment