Pages

27.10.14

အမေရိကန်နှင့်ဗြိတိန်တပ်များ အာဖဂန်မှ ပြန်လည်ရုပ်သိမ်း


အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်မရိမ်းတပ်တွေနဲ့ ဗြိတိန်တပ်တွေရဲ့ စစ်ဆင်ရေးတွေအားလုံးကို မနေ့က တရားဝင်ရပ်ဆိုင်းလိုက်ပြီး တပ်စခန်းတွေကိုလည်း ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

ဟာမန်ပြည်နယ်က နောက်ဆုံးနဲ့ အကြီးဆုံး အမေရိကန်စစ်စခန်းနဲ့ ဗြိတိန်စစ်စခန်း တွေကိုလည်း အာဖဂန်တပ်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

မဟာမိတ်တပ်တွေဟာ အမေရိကန်နိုင်ငံက စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ဖြစ်ပွားပြီး ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်တပ်စွဲခဲ့တာ ဖြစ်ပြီး ၁၃ နှစ် ကြာခဲ့ပါတယ်။ ဒီတပ်စခန်းမှာတင် တပ်ဖွဲ့ဝင်အင်အား ၃ သောင်းလောက်အထိ တပ်စွဲခဲ့ကြပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး မိုက်ကယ် ဖော်လွန်း (Michael Fallon) က အာဖဂန်နစ္စတန်နိုင်ငံမှာ ပိုပြီး တည်ငြိမ်အေးချမ်းလာဖို့ အခွင့်အရေးရှိတယ်လို့ ပြောဆိုပါတယ်။

လက်ရှိ အာဖဂန်နစ္စတန်မှာ အားလုံးကို ကိုယ်စားပြုတဲ့အစိုးရ ရှိလာသလို ဘာသာရေး ကွဲပြားမှုမရှိတဲ့ အာဖဂန်တပ်မတော်လည်း ရှိလာပြီလို့ ပြောဆိုပါတယ်။

ဒါပေမယ့် အခုနှစ်အတွင်း အာဖဂန်တပ်မတော်သားတွေ အကျအဆုံးများခဲ့ပြီး ထောင်နဲ့ချီတဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေကတော့ စိတ်ချရတဲ့အခြေအနေမှာ မ ရှိသေးဘူးလို့ ဗြိတိန်တပ်တွေရဲ့ အကြီးအကဲက ၀န်ခံထားပါတယ်။

အခုနှစ်ကုန်မှာ နေတိုးတပ်အတော်များများကိုလည်း ပြန်ရုပ်သိမ်းတော့မှာ ဖြစ်ပေမယ့် နေတိုးတပ်ဖွဲ့ဝင် ၁၂၀၀၀ ကတော့ အာဖဂန်တပ်ဖွဲ့ဝင် ၁ သိန်းခွဲကို ထောက်ပံ့ကူညီမှုတွေ ဆက်ပေးဖို့ ၂၀၁၆ ခုနှစ်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment