Pages

21.10.14

အီရတ်နှင့် ဆီးရီးယားနယ်စပ်ရှိ IS အုပ်စုကို ချေမှုန်းနေသည့် ကာ့ဒ်တပ်ဖွဲ့အတွက် စစ်လက်နက်များ အမေရိကန်လေယာဉ်များ ဝေဟင်မှကြဲချ


ဆီးရီးယားနိုင်ငံ၏ အရေးပါသော မြို့တစ်မြို့ ဖြစ်သည့် ကိုဘာနီတွင် တပ်စွဲထားသော အစ္စလာမ္မစ်နိုင်ငံတော် (IS) အစွန်းရောက် အကြမ်းဖက်များကို ထိုးစစ်ဆင် တိုက်ခိုက်နေသော ကာ့ဒ်လူမျိုးစု တပ်ဖွဲ့ဝင်များအတွက် အမေရိကန် စစ်လေယာဉ်များက လက်နက်များ၊ ခဲယမ်းများနှင့် ဆေးဝါးပစ္စည်းများ ကြဲချပေးခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်စစ်ဘက် ဗဟိုကွပ်ကဲရေးဌာန၏ အဆိုအရ အဆိုပါ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့အတွက် လက်နက်များ အပါအဝင် ထောက်ပံ့ပစ္စည်းများကို စီ-၁၃၀ လေယာဉ်ဖြင့် ကြဲချပေးခဲ့ခြင်း ဖြစ်သည်။
တူရကီနှင့် ဆီးရီးယား နယ်စပ်ဒေသရှိ အဆိုပါမြို့ အနီးတစ်ဝိုက်တွင် ခြေကုပ်ယူ လှုပ်ရှားနေသော IS အုပ်စုများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။
“ယခုကဲ့သို့ ထောက်ပံ့ပစ္စည်းများ ကြဲချပေးခြင်းသည် ကိုဘာနီမြို့ကို ရယူရန် ကြိုးပမ်းနေသည့် IS အုပ်စုများကို ကာ့ဒ်တပ်ဖွဲ့များ ဆက်လက်ချေမှုန်း သွားနိုင်ရန် ဦးတည်သည်” ဟု အမေရိကန်စစ်ဘက်က ကြေညာချက် ထုတ်ပြန်သည်။
ထောက်ပံ့ပစ္စည်းများ ကြဲချပေးခဲ့သည့် လေယာဉ်များအားလုံး ဘေးအန္တရာယ်ကင်းစွာ ပြန်လည် ရောက်ရှိလာကြသည်ဟု ဆိုသည်။
အခြားသော စစ်ဘက် သတင်းရင်းမြစ်များ အဆိုအရ အမေရိကန်စစ်တပ်သည် ကိုဘာနီမြို့ရှိ အစွန်းရောက်အုပ်စုများကို လေကြောင်းမှ ၁၃၅ ကြိမ်ကျော် ထိုးစစ်ဆင်ခဲ့ကြသည်။
သို့သော်လည်း IS အုပ်စုများသည် ကာ့ဒ်တပ်ဖွဲ့ဝင်များအပေါ် ယနေ့အချိန်အထိ အန္တရာယ်ပေး တိုက်ခိုက်လျက် ရှိကြောင်း၊ ကိုဘာနီမြို့သည် ယင်းအုပ်စုများ၏ လက်ဝယ်သို့ အချိန်မရွေး ရောက်ရှိသွားနိုင်သည့် အနေအထားတွင် ရှိနေဆဲပင် ဖြစ်ကြောင်း အမေရိကန် စစ်ဘက်အရာရှိကြီးများက ပြောကြားသည်။
ယခုကဲ့သို နယ်စပ်ဒေသရှိ ကာ့ဒ်တပ်ဖွဲ့များကို အထောက်အပံ့များ ပေးပို့မှုနှင့် ပတ်သက်၍ အိမ်နီးချင်း တူရကီအစိုးရက မကျေမနပ် ဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။
အကြောင်းမှာ တူရကီအစိုးရက ကာ့ဒ်လက်နက်ကိုင်များကို သူပုန်သို့မဟုတ် အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
တူရကီသမ္မတ ဆီဆစပ်တေယက် အာဒိုဂန် ကိုယ်တိုင်ကလည်း ကာ့ဒ်တပ်ဖွဲ့များအတွက် အမေရိကန်လက်နက်များ ထောက်ပံ့ပေးမည့် ကိစ္စတွင် ပါဝင်ကူညီမည် မဟုတ်ကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။
IS စစ်သွေးကြွ အုပ်စုသည် အီရတ်နှင့် ဆီးရီးယား နယ်စပ်ဒေသမှ နယ်မြေအတော်များများကို ထိန်းချုပ်ထားပြီး ယခုအခါ စစ်မဟာဗျူဟာအတွက် အချက်အချာကျသော ကိုဘာနီမြို့ကို သိမ်းယူရန် ကြိုးပမ်းလျက်ရှိသည်။
၎င်းတို့၏ ထိုးစစ်များကြောင့် ကိုဘာနီမြို့ရှိ အရပ်သားထောင်ပေါင်း များစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

The Voice Weekly

No comments:

Post a Comment