Pages

3.11.14

“ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ မြန်မာ ယူ(၁၉) အသင်းအား ထူးဖောင်ဒေးရှင်းမှ ဂုဏ်ပြုဆုငွေ သိန်း(၅၀၀) ပေးအပ်ချီးမြှင့်”

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နာယကဖြစ်သည့်အပြင် ထူးဖောင်ဒေးရှင်း နာယကလည်းဖြစ်သော ဦးတေဇ သည် ၂၀၁၅ခုနှစ်၌ နယူးဇီလန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် အသက်(၂၀)နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် မြန်မာ ယူ(၁၉)အသင်းအား ဂုဏ်ပြု ဆုငွေ ကျပ်သိန်း(၅၀၀) ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဖီဖာကမ္ဘာ့လူငယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ၁၉၇၇ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယူ-၂၀ပြိုင်ပွဲ စတင်ကျင်းပခဲ့ချိန်မှစ၍ နှစ်ပေါင်း (၃၇)နှစ် အတွင်း မြန်မာလူငယ်အသင်းသည် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်သည်။

အဆိုပါ ကမ္ဘာ့ဖလား ယူ-၂၀ ဘောလုံးပြိုင်ပွဲကို လာမည့် ၂၀၁၅ ခုနှစ်၊ မေလ (၃၀) ရက်မှ ဇူလိုင်လ (၂၀) ရက်နေ့အထိ နယူးဇီလန်နိုင်ငံရှိ မြို့ကြီး (၇)မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအနှံ့ မိမိတို့ တတ်အားသလောက် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုရေး ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေသလို တဖက်မှလည်း မြန်မာ့ အားကစား တိုးတက်ရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီလျက် ရှိပါသည်။

မြန်မာတစ်မျိုးသားလုံး လက်မထောင် ဂုဏ်ယူဝင့်ကြွားဖွယ် စွမ်းဆောင်ရည်ကို ပြသပြီး ကမ္ဘာအဆင့် ဂုဏ်သိက္ခာကြီးမားသည့် ပြိုင်ပွဲကို ၀င်ရောက်ဆင်နွှဲနိုင်အောင် ကြိုးစားခဲ့ကြသည့် မြန်မာယူ-၁၉ ဘောလုံးအသင်းနှင့် အောင်မြင်မှု ရရှိအောင် စီမံလုပ်ဆောင်ခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့အား ထူးဖောင်ဒေးရှင်းမှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

Htoo Foundatin

No comments:

Post a Comment