Pages
▼
18.11.14
ဂျေရုဆလင် ဘုရားကျောင်း တစ်ခုတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အစ္စရေးလေးဦး သေဆုံး
အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့ရှိ ဂျူးဘုရားကျောင်း တစ်ခုတွင် ပုဆိန်နှင့် ဓားများ ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား နှစ်ဦး၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အစ္စရေးလေးဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ရဲတပ်ဖွဲ့က အဆိုပါလူနှစ်ဦးကို ဘုရားကျောင်းထဲတွင်ပင် အသေပစ်ခတ်ခဲ့ကြောင်း ပြောကြားပြီး ယခုတိုက်ခိုက်မှုသည် အကြမ်းဖက်မှု တစ်ရပ်အဖြစ် ပြစ်တင်ခဲ့သည်။
တိုက်ခိုက်မှုအတွင်း ဝတ်ပြုရန် ရောက်ရှိနေသည့် အစ္စရေးလေးဦး သေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အစ္စရေးသည် ပါလက်စတိုင်းနှင့် တင်းမာမှုများ ရှိနေသလို ဘာသာရေးအရ မြင့်မြတ်သော အထိမ်းအမှတ် နေရာများ ပိုင်ဆိုင်ခွင့်အတွက် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။ ထို့အပြင် အပြန်အလှန် တိုက်ခိုက်မှုနှင့် ပြန်ပေးဆွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဂျေရုဆလင်တွင် အခြေအနေ တင်းမာမှုများ ပိုမိုဆိုးရွားလာခဲ့သည်။
ဂျေရုဆလင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မစ်ကီရိုဆန်ဖဲလ်က ဘုရားကျောင်းထဲတွင် ဝတ်ပြုနေသူများ စည်ကားနေချိန်ကို အချိန်ကိုက် ရွေးချယ်ပြီး ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားခြင်းဟု မှတ်ချက်ပြုခဲ့သည်။ ဒဏ်ရာရသူများကို ဂျေရုဆလင် ဆေးရုံသို့ တင်ပို့ထားကြောင်းလည်း ၎င်းက ဆိုသည်။
ပါလက်စတိုင်းတို့သည် (၁၉၆၇)ခုနှစ် ကတည်းက အစ္စရေး ထိန်းချုပ်ထားသည့် ဂျေရုဆလင် အရှေ့ပိုင်းကို တောင်းဆိုနေပြီး ၎င်းတို့၏ အနာဂတ် ပါလက်စတိုင်း နိုင်ငံအတွက် မြို့တော်အဖြစ် သတ်မှတ်ရန် လိုလားနေသည်။ လတ်တလော ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများအတွက် အစ္စရေးနှင့် ပါလက်စတိုင်း အာဏာပိုင်များက အပြန်အလှန် အပြစ်ဖို့လျက် ရှိကြသည်။
_Ref: BBC
No comments:
Post a Comment