အမေရိကန် အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ယခင်သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်သူ ဟီလာရီကလင်တန် အနေနှင့် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်မည် ဆိုပါက ၎င်းသည် ဂုဏ်သရေ ကြီးမားပြီး ထူးချွန်ထက်မြက်သည့် သမ္မတကြီးတစ်ဦး ဖြစ်လာလိမ့်မည် ဖြစ်သည်ဟု သမ္မတ ဘားရက်အိုဘားမားက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း အမေရိကန် သတင်းဌာနများက ရေးသားဖော်ပြသည်။
သမ္မတ အိုဘားမားသည် ABC ရုပ်သံဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ အထက်ပါအတိုင်း ဟီလာရီကလင်တန်ကို ချီးမွမ်းပြောဆိုပြီး အမေရိကန်ပြည်သူ မဲဆန္ဒရှင်များသည် ရနံ့သစ်တစ်ခု၊ တစ်နည်းအားဖြင့် အသစ်တစ်ခုကို လိုလားတောင့်တနေပြီ ဖြစ်သည်ဟု ဆိုသည်။
မိမိ၏ လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှကို ဟီလာရီကလင်တန်က သဘောတူ ခေါင်းညိတ်မှု မပြုခဲ့သည့် အချက်ကြောင့် ၎င်းကို မဲဆန္ဒရှင်များ အထူးနှစ်ခြိုက်ကြလိမ့်မည် ဖြစ်ကြောင်း အိုဘားမားက ဆိုသည်။
ဟီလာရီကလင်တန်သည် လာမည့် သမ္မတရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မှု ပြုနိုင်၊ မပြုနိုင်ဟူသော အချက်ကို ၂၀၁၅ ခုနှစ်ဆန်းပိုင်းတွင် လူသိရှင်ကြား ထုတ်ပြန်ရတော့မည် ဖြစ်သည်။
အိုဘားမားက ဒီမိုကရက်တစ်ပါတီတွင် ထူးချွန်ထက်မြက်သော သမ္မတလောင်းလျာများ ရှိကြောင်း ပြောဆိုခဲ့သော်လည်း ဟီလာရီကလင်တန်ကိုမူ နာမည်ထုတ်ကာ ပွင့်ပွင့်လင်းလင်း ချီးမွမ်းလိုက်ခြင်း ဖြစ်သည်။
“သူဟာ တကယ့်ကို အံ့မခန်း ထူးချွန်တဲ့ သမ္မတလောင်း တစ်ဦးပါ” ဟု အိုဘားမားက ဟီလာရီကလင်တန်ကို ချီးမွမ်းသည်။
သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးဖြစ်ပြီး အသက် ၆၇ နှစ်အရွယ်ရှိ ဟီလာရီကလင်တန်သည် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းလျာ ရွေးချယ်ပွဲ၌ အိုဘားမားကို အရေးနိမ့်ခဲ့ဖူးသည်။
ဟီလာရီသည် အိုဘားမား၏ သမ္မတ ပထမရာထူး သက်တမ်းအတွင်း နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်စဉ် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒရေးရာ ဆုံးဖြတ်ချက်များကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ဖူးသည်။
သို့သော် အမေရိကန်ပြည်ထောင်စု အတွင်း တရားမဝင် နေထိုင်လျက်ရှိသည့် ရွှေ့ပြောင်းပြည်သူ သန်းပေါင်းများစွာကို အကာအကွယ်ပေးရေးအတွက် စီမံဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ဟီလာရီကလင်တန်က အိုဘားမားကို ချီးမွမ်းပြောဆိုခဲ့ကြောင်း သတင်းများက ဆိုသည်။
ယခု ABC သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် အိုဘားမားက အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍လည်း သုံးသပ်ပြောဆိုခဲ့သလို ဖာဂူဆန်ပြည်နယ်မှ လူမည်းဆယ်ကျော်သက်ကို ရဲက ပစ်ခတ်သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ တည်ငြိမ်အေးချမ်းစွာ တုံ့ပြန်ကြရန် တိုက်တွန်းခဲ့သည်။
The Voice Weekly
No comments:
Post a Comment