Pages

16.12.14

ရုရှား၏ လက်နက်ထုတ်လုပ် ရောင်းချမှုအား မြင့်တက်

ကမ္ဘာအဝှမ်းတွင် ကာကွယ်ရေး အသုံးစရိတ်များ လျော့ကျလျက် ရှိသော်လည်း ရုရှား လက်နက် ထုတ်လုပ်သူ များ၏ လက်နက် ရောင်းချရမှု ပမာဏမှာ ဆက်လက် မြင့်တက်နေပြီး ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ရုရှားစစ်တပ်၏ လက်နက်ဝယ်ယူ မှုများ မြင့်တက် လာခြင်းကြောင့် ဖြစ်ကြောင်း စတော့ဟုမ်း အခြေစိုက် သုတေသန အဖွဲ့တစ်ခုက ဒီဇင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
“၂၀၁၂ ခုနှစ် နဲ့ ၂၀၁၃ ခုနှစ် တွေမှာ ရုရှားကုမ္ပဏီတွေရဲ့ လက်နက်ရောင်းချရမှု ပမာဏတွေ သိသိသာသာ မြင့်တက်လာခဲ့တာမှာ အဓိကကျတဲ့ အကြောင်းရင်းကတော့ ၂၀၀၀ ပြည့်လွန် ကာလမှာ ရုရှားအစိုးရဟာ စစ်လက်နက် ဝယ်ယူမှုနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံ မှုတွေ တောက်လျှောက်ပြုလုပ်နေလို့ပဲ ဖြစ်ပါတယ်” ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနသိပ္ပံ (SIPRI) မှ အကြီးတန်း သုတေသီ ဆိုင်မွန်ဝီဇီမန်က ဆိုသည်။

ရုရှားအခြေစိုက် လက်နက်ကုမ္ပဏီများ၏ လက်နက်ရောင်းချရမှု ပမာဏသည် ၂၀၁၃ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း SIPRI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံမှ လွဲ၍ လက်နက်အများဆုံး ရောင်းချကြသော နိုင်ငံ ၁၀၀ တွင်မူ လက်နက်ရောင်းချရမှု ပမာဏ သုံးနှစ်ဆက်တိုက် ကျဆင်းနေပြီး ၂၀၁၃ ခုနှစ်တွင် ရောင်းချရမှုပမာဏ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ အမေရိကန်ဒေါ်လာ ၄၀၂ ဘီလီယံ (ယူရိုငွေ ၃၂၂ ဘီလီယံ) အထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ပတ်သတ်၍မှု စိတ်ချယုံကြည်နိုင်သော အချက်အလက်များ မရရှိသဖြင့် SIPRI ၏ အစီရင်ခံစာထဲတွင် တရုတ်နိုင်ငံအား ဖော်ပြမထားခဲ့ပေ။ တရုတ်လက်နက်ကုမ္ပဏီများမှာ ကမ္ဘာပေါ်တွင် ကာကွယ်ရေးအသုံးစရိတ် ဒုတိယအများဆုံး စစ်တပ်ဖြစ်သည့် တရုတ်တပ်မတော်ကို လက်နက်များ ရောင်းချလျက် ရှိကြသည်။

၂၀၁၃ ခုနှစ်တွင် လက်နက်ရောင်းချရမှု ပမာဏ အများဆုံး မြင့်တက်လာခဲ့သော ရုရှားကုမ္ပဏီမှာ Tactical Missiles Corporation ဖြစ်ပြီး ၁၁၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဒုတိယအများဆုံး ကုမ္ပဏီမှာ Almaz-Antey ဖြစ်ပြီး ၃၄ ရာခိုင်နှုန်း ရှိခဲ့သည်။ ယခုအခါတွင် Almaz-Antey ကုမ္ပဏီမှာ ကမ္ဘာ့အကြီးမားဆုံး လက်နက်ထုတ်လုပ်မှု ကုမ္ပဏီ စာရင်း ၌ နံပါတ် ၁၂ နေရာတွင် ရှိနေပြီ ဖြစ်ရာ ထိပ်တန်း လက်နက်ကုမ္ပဏီဆယ်ခုစာရင်းထဲတွင် ပါဝင်ရန် နီးစပ်လာပြီ ဖြစ်သည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးကတည်းက၊ ထိပ်တန်းလက်နက်ကုမ္ပဏီ ၁၀ ခု စာရင်းများထဲတွင် အမေရိကန် နှင့် အနောက်ဥရောပ မှ လက်နက်ထုတ်လုပ်သူများသာ အကြီးအကျယ် လွှမ်းမိုးထားခဲ့ကြောင်း SIPRI က ဆိုသည်။

အမေရိကန် ကုမ္ပဏီများ၏ လက်နက်ရောင်းချရမှု ပမာဏ ၄.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရသည့် အဓိက အကြောင်းရင်းများအနက် တစ်ခုမှာ အာဖဂန်နစ္စတန် နှင့် အီရတ်မှ တပ်များ ရုပ်သိမ်းလိုက်ခြင်းကြောင့် ဖြစ်ကြောင်း SIPRI ၏ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

Ref: AFP

No comments:

Post a Comment