Pages

31.8.15

သတင်းမီဒီယာများကို မဲရုံပရဝုဏ်အတွင်း သတင်းယူခွင့်ပြုမည်


အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် သတင်းမီဒီယာဌာန တစ်ခုလျှင် သတင်းသမားသုံးဦးအထိ မဲရုံပရဝုဏ်အတွင်း သတင်းရယူခွင့်ပြုမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သဘောတူညီကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သို့ ပေးပို့သည့် ရွေးကောက်ပွဲနေ့ သတင်းရယူနိုင်ရေး အကြောင်းကြားစာတွင် သတင်းမီဒီယာများအား ရွေးကောက်ပွဲသတင်းရယူရာတွင် ကန့်သတ်သည့်သဘော သက်ရောက်နေသောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ သြဂုတ်လ ၃၀ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သတင်းအချက်အလက် ဌာနတွင် တွေ့ဆုံညှိနှိုင်းပြီးနောက် ကော်မရှင်က ပေးပို့သော အကြောင်းကြားစာက ယင်းသို့ ဆိုလိုခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
ထို့ပြင် ယင်းအကြောင်းကြားစာသည် ဆန္ဒမဲပေးသည့် နေ့တွင် မဲရုံပရဝုဏ်အတွင်း ဝင်ရောက် သတင်းရယူခွင့်ပြုသော သတင်းသမားများအတွက် ရည်ရွယ်ခြင်းသာဖြစ်ပြီး ဆန္ဒမဲပေးသည့်နေ့ မဲရုံပရဝုဏ်ပြင်ပ၊ ဆန္ဒမဲပေးသည့်ရက်မတိုင်မီနှင့် ဆန္ဒမဲပေးသည့်ရက်နောက်ပိုင်း မည်သည့်နေရာတွင်မဆို ကျန်သတင်းမီဒီယာသမားအားလုံး လွတ်လပ်စွာ သတင်းရယူနိုင်ခွင့်မှာ ကော်မရှင်က သတ်မှတ်စရာမလိုဘဲ မူလကပင် ရရှိထားပြီးသားဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများတွင်လည်း သတင်းမီဒီယာများ၏ လွပ်လပ်စွာ သတင်းရယူခွင့်ကို ကန့်သတ်ထားသည့် အချက်မပါဝင်ကြောင်း ကော်မရှင်မှ တာဝန်ရှိသူများက ကောင်စီနှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့ကြောင်း ၄င်းက ဆိုသည်။
“မဲရုံပရဝုဏ် အတွင်းမှာတော့ သတ်မှတ်တဲ့ အသိအမှတ်ပြုကတ်ပြား၊ ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်က အသိအမှတ်ပြုကတ်ပြား ထုတ်ထားတဲ့ သတင်းသမားသုံးဦး ပရဝုဏ်ထဲ ဝင်လို့ရမယ်။ မဲရုံထဲတော့ ဝင်လို့မရဘူး။ သို့သော်လည်း အဲဒီမဲရုံ ပရဝဏ်ထဲမှာလည်း သတ်မှတ်တဲ့ စည်းကမ်းနဲ့ သတင်းယူနိုင်တာပေါ့။ ဓာတ်ပုံရိုက်ခွင့်တော့မရှိဘူး၊” ဟု ၎င်းက ပြောကြားသည်။
ရွေးကောက်ပွဲနေ့ သတင်းရယူရန် သတင်းဌာနတစ်ခုလျှင် သတင်းရယူမည့် သုံးဦးထက် မပိုစေဘဲ မိမိသတင်းဌာနမှ သတ်မှတ်မြို့နယ်အတွင်း ရွေးကောက်ပွဲ သတင်းယူရန် တာဝန်ပေးထားသူ ဖြစ်ကြောင်း အထောက်အထားဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာမည် ဖြစ်ကြောင်း ခံဝန်ချက်နှင့်တကွ နိုဝင်ဘာလ ၅ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ လျှောက်ထားရန် အကြောင်းကြားစာသည် မဲရုံပရဝဏ်အတွင်း ဝင်ခွင့်ပြုရန် ဖြစ်သောကြောင့် နှစ်ဖက်အကြားနားလည်မှု လွဲမှားနေခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ထံမှ သိရှိရသည်။
“မဲရုံပရဝဏ်အတွင်း ဝင်ခွင့်ပြုမယ်ဆိုတာ မဲရုံဖွင့်ချိန်၊ ပိတ်ချိန် အတွင်းပေါ့” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ+ ခေတ်မိုး) က ပြောကြားသည်။
ထို့ပြင် အလွတ်တန်း သတင်းထောက်များ သတင်းရယူခွင့် လျှောက်ထားခွင့်နှင့် ပတ်သက်၍လည်း မိမိတို့ သတင်းပေးပို့သည့် သတင်းဌာနထံမှ ထောက်ခံချက် သို့မဟုတ် မြန်မာဂျာနယ်လစ်ကွန်ရက်ကဲ့သို့ အဖွဲ့အစည်းများတွင် အသင်းဝင်ထားသူ ဖြစ်ပါက ထိုအသင်း၏ ထောက်ခံချက် သို့မဟုတ် မိမိကိုယ်တိုင် ဝန်ခံချက်နှင့်တကွ လျှောက်ထား၍ သတင်းယူခွင့် ရရှိရန် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း အဆိုပါ ကောင်စီထံမှ သိရှိရသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များ လိုက်နာမည်ဆိုသည့် ကိစ္စကိုမူ ပြန်လည်ပြင်ဆင်နိုင်ရန်နှင့် မြို့နယ်အလိုက် လျှောက်ထားခြင်းမှ ခရိုင်အလိုက် ခွင့်ပြုပေးနိုင်ရန်နှင့် လျှောက်ထားရာတွင် အဆင်ပြေသည့် နည်းလမ်းများ ဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်နှင့် ထပ်မံဆွေးနွေးရန် ရှိပြီး တစ်ပတ်အတွင်း ညှိနှိုင်းမှုရလဒ်များ ထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံမှ သိရှိရသည်။
မဲရုံပရဝဏ်အတွင်း သတင်းသမားသုံးဦး သတင်းယူခွင့်ပြုခြင်းသည် ရွေးကောက်ပွဲကော်မရှင် အနေနှင့် ဖြေလျှော့ပေးသည်ဟု သုံးသပ်သော်လည်း သတင်းမီဒီယာ ဖြစ်ကြောင်း အထောက်အထားခိုင်လုံခြင်း၊ သတင်းမီဒီယာကျင့်ဝတ်၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတင်းယူလျှင် မည်သည့်သတင်းသမားကိုမဆို သတင်းယူခွင့် ပေးသင့်ပြီး စာနယ်ဇင်းကောင်စီ အနေနှင့် မြို့နယ်တစ်ခုချင်းစီထက် ခရိုင်အလိုက်ဖြစ်စေ မဲရုံပရဝဏ်အတွင်း သတင်းယူခွင့်ရရန်နှင့် အဆင်ပြေစွာ သတင်းရယူနိုင်မည့် နည်းလမ်းများကို ရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းရန် တောင်းဆိုသင့်ကြောင်း 7 Days Daily သတင်းစာ ဒုတိယအယ်ဒီတာချုပ် ဦးအားမာန်က မှတ်ချက်ပြု ပြောကြားသည်။
၂၀၁၀ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် သတင်းမီဒီယာသမားများ မဲရုံပရဝုဏ်ပြင်ပမှသာ သတင်းရယူခွင့်ရှိခဲ့သော်လည်း ယခု ၂၀၁၅ ရွေးကောက်ပွဲတွင်မှ အခြား ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနည်းတူ မဲရုံပရဝုဏ်အတွင်း သတင်းမီဒီယာသမားများလည်း ဝင်ရောက်သတင်းယူခွင့်ပြုရန် ကော်မရှင်က စဉ်းစားဆုံးဖြတ်၍ အကြောင်းကြားစာပေးပို့ခြင်းဖြစ်သော်လည်း ကောင်စီနှင့် ကြိုတင်ညှိနှိုင်းမှုမရှိခြင်း၊ အကြောင်းကြားစာရေးသားရာတွင် ရှင်းလင်းမှုမရှိခြင်းတို့ကြောင့် သတင်းမီဒီယာသမားများက နားလည်မှု လွဲချော်သွားခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်နှင့် ညှိနှိုင်းဆွေးနွေးမှုအပြီး ကောင်စီတာဝန်ရှိသူများက ရှင်းပြသည်။

Credit to : The Voice Weekly 

No comments:

Post a Comment