အွန်လိုင်း လက်နက်အရောင်း ကွန်ရက်တစ်ခု၌ သံသယဖြစ်ဖွယ်ရာ ပါဝင်သူ ၁၇ ဦးကို
တရုတ်နိုင်ငံ မြောက်ပိုင်း ဟီဘေးပြည်နယ်ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ကြောင်း
ဟန်ရှူးပြည်သူ့လုံခြုံရေးဗျူရိုက သြဂုတ် ၂၇ ရက်တွင် ပြောကြားသည်။
ကျောင်ဆိုသူ အမျိုးသားတစ်ဦးသည် ကျင်းရှန်းစီရင်စုရှိ သတ္တုပစ္စည်း
အရောင်းဆိုင်များမှ သေနတ်ပစ္စည်း အစိတ်အပိုင်းများဖြစ်သော ကျည် ရိုက်တံ၊
ခလုတ်နှင့် သေနတ်ပြောင်း စသည့်
ပစ္စည်းအရေအတွက် သုံးထောင်ကျော် မှာယူခဲ့ကြောင်း ပြီးခဲ့သည့် မေလကစတင်ခဲ့သော
စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိခဲ့သည်။ ကျောင်သည် အဆိုပါစီရင်စုတွင်
ခြံတစ်ခြံကို ငှားရမ်းခဲ့ပြီး ဘန်ဂလိုများ ဆောက်လုပ်ကာ တရားမဝင်ပစ္စည်းများ
သိုလှောင်ထားရှိခဲ့သည်။
၎င်းသည် လက်နက်ပစ္စည်း အစိတ်အပိုင်း
ရောင်းဝယ်သူများနှင့် ဆက်သွယ်ရန်အတွက် နာမည်ကြီး အွန်လိုင်းမက်ဆေ့ခ်ျ
ဝန်ဆောင်မှု ကွန်ရက်တစ်ခုဖြစ်သည့် Tecent's QQ ကို အသုံးပြုခဲ့သည်။ တရုတ်
နိုင်ငံတွင် အကြမ်းဖက်ရာဇဝတ်မှု များဖြစ်ပွားခြင်းမှ ထိန်းချုပ်ရန် အတွက်
သေနတ်များ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ခြင်းတို့ကို ပြင်းပြင်း ထန်ထန်
ပိတ်ပင်ထားပြီး တရားမဝင် လက်နက်ပိုင်ဆိုင်မှုကို တွေ့ရှိပါက ထောင်ဒဏ် (၇)
နှစ်အထိ ချမှတ်ခံ ရနိုင်ကြောင်း သိရသည်။ ၂ဝ၁၅ ခုနှစ် မတ်လမှ မေလအတွင်း ၎င်း၏
ဘဏ်ငွေပေးချေကတ်နှင့် တရုတ်နိုင်ငံ၏ အကြီးမားဆုံးသော
အွန်လိုင်းငွေပေးချေစနစ် Alipay တို့ကို အသုံးပြုကာ ယွမ် ၈ဝဝဝဝဝ
ကျော်တန်ဖိုးရှိ အရောင်းအဝယ် ၁၄၅ ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
Credit to >>> ကြေးမုံ
No comments:
Post a Comment