Pages

4.8.15

ဇေကမ္ဘာဝင်းအတွင်း ဖမ်းမိသော စိတ်ကြွဆေးပြား သယ်ဆောင်လာသည့် ယာဉ်၏ပိုင်ရှင်မှာ မြောက်ဒဂုံတွင် နေထိုင်သည်ဟု စုံစမ်းသိရှိ ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး

ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွဆေးပြား သယ်ဆောင်လာသည့် ယာဉ်၏ပိုင်ရှင်မှာ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည်ဟု စုံစမ်းသိရှိရသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့နယ်မှ မြို့နယ်မှူး ရဲမှူးဝင်းရွှေက ပြောကြားသည်။

“မူးယစ်စိတ်ကြွဆေးပြားတွေ ဖမ်းမိတဲ့ ကားပိုင်ရှင်က မြောက်ဒဂုံကပါ။ ဒီမှာရှိတဲ့ သူ့ရဲ့နေရပ်လိပ်စာကို အကုန်သိပြီးပါပြီ။ ဒါပေမယ့် သူကရှောင်သွားတဲ့အတွက် ပိုက်စိပ်တိုက် ဖြန့်ထားပြီး လိုက်စုံစမ်းနေပါတယ်” ဟု ၎င်းက ပြောကြားသည်။
ထို့ပြင် ထွက်ပြေးတိမ်းရှောင်နေသူမှာ ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မြောက်ဒဂုံမြို့နယ်သို့ လာရောက်နေထိုင်သူဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ စိတ်ကြွဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ကျပ် ၁၃၃ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်တန်ဖိုးရှိ) စိတ်ကြွဆေးပြားများကို ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ဇူလိုင် ၂၆ ရက် နံနက် ၅ နာရီတွင် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မင်္ဂလာဒုံစက်မှုဇုံ (ဇေကမ္ဘာဝင်း) အိုးအိမ်ခြောက်လမ်းသွား လမ်းမပေါ်တွင် ယာဉ်အမှတ် 4G/8554 တပ်ဆင်ထားသည့် KIA BONGO အမျိုးအစား၊ ကွန်တိန်နာဘောက် အဖြူရောင် ကိုယ်ပိုင်မော်တော်ယာဉ်ကို မသင်္ကာဖွယ်တွေ့ရှိ၍ ရှာဖွေရာ ကွန်တိန်နာ ဘောက်အတွင်း ဆာလာအိတ် ၈၈ အိတ် ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂၆၄ သိန်းပြားနှင့် ကြွပ်ကြွပ်အိတ် သုံးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းပြား၊ စုစု ပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၆၇ သိန်းပြား၊ စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၁၃၃ ဒသမ ၅ ဘီလီယံကို ပိုင်ရှင်မဲ့သိမ်းဆည်း ရမိသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။                      
မင်္ဂလာဒုံမြို့နယ် တာမီနယ်ဆီဆိုင်ဘေး ဇေကမ္ဘာဝင်းရှိ ခြောက်လမ်းသွားလမ်းမပေါ် ၌ နံနက် ၅ နာရီက ရပ်တန့်ထားသည့် ကွန်တိန်နာယာဉ်တစ်စီးပေါ်မှ ပီနံအိတ် ၈၉ အိတ် ဖြင့်ထုတ်ထားသော WY စိတ်ကြွဆေးပြား ၂၆၇ သိန်းကို မင်္ဂလာဒုံရဲစခန်းမှ တာဝန်ရှိသူများက လှည့်ကင်းဆောင်ရွက်နေချိန်တွင် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယခုဖမ်းဆီးရမိခဲ့သည့် WY စိတ်ကြွ ဆေးပြား ၂၆၇ သိန်းမှာ ကျပ် ၁၃၃ဘီလျံ ကျော် တန်ဖိုးရှိသဖြင့် ယင်းဖမ်းဆီးရမိမှုသည် မြန်မာနိုင်ငံတွင် အများဆုံး ဖမ်းဆီးရမိမှုဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး အဖွဲ့မှ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဇေကမ္ဘာဦးခင်ရွှေက “တွေ့တဲ့အချိန်မှာ ရဲခရိုင်မှူးက လာအကြောင်းကြားတယ်။ အကြောင်းကြားတဲ့အချိန်မှာ ကားနှစ်စီးလို့ပြောတယ်။ ဦးတို့နားမှာ နည်းနည်းလူရှင်းတယ်။ အဲဒီအချိန်မှာ ကားချင်းလာချိန်းတဲ့ သဘောပဲရှိတယ်။ ဘယ်ကိုပို့မယ်တော့ မသိဘူး။ ပြီးတော့ ရဲကလည်းပြောတယ်။ ဒါအများဆုံး ဖြစ်တဲ့အတွက်ကြောင့် လိုက်တာပေါ့လေ၊ လောလောဆယ် သိရသလောက်တော့ အန်ကယ့် မင်္ဂလာဒုံဥယျာဉ်ထဲက ဂိုဒေါင်တွေရှာ ကြိုက်သလောက်ရှာ။ ရှာတဲ့အချိန်မှာတော့ မတွေ့ဘူးပေါ့။ ဖြစ်နိုင်ခြေများတာက ကားချင်းလာလဲပြီးတော့ မြို့ထဲဆက်ဝင်မယ့် အနေအထား ဖြစ်ဖို့များတယ်။ တော်တော်များများကလည်း ကားချင်းလဲရင်၊ အန်ကယ်က မြို့ဝမှာရှိတော့ မြို့ဝခြောက်လမ်းသွား ဘေးမှာ လာလဲတဲ့သဘောပဲ။ ကားအဖြူကနေ အပြာကို သူတို့လဲမယ့် သဘောပဲ။ ကားနံပါတ်ကလည်း နှစ်မျိုးသုံးမျိုးလည်း ဆောင်ထားတယ်။ amount ကလည်း များတယ်ဆိုတော့လေ၊ အဲဒါက ရန်ကုန်မြို့ Market ကြီးအတွက်နဲ့ တူတယ်။ ကြည့်ရတာ ကလေးတွေလည်း တော်တော်ပျက်စီးကုန်ကြပြီ။ အဲဒါမျိုးက အပြတ်ကိုလုပ်ရမယ်။ ဇေကမ္ဘာဝင်း နားမှာ ဖမ်းဆီးမိပေမယ့် အန်ကယ်နဲ့လုံးဝ သက်ဆိုင် မှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်ကယ့်ကားလမ်း ခြောက်လမ်းသွားဘေးမှာ လာလဲတာ။ ဇေကမ္ဘာဝင်းလို့သာ နာမည်ယူလိုက်တာ ဇေကမ္ဘာနဲ့ လုံးဝမဆိုင်ပါဘူး။ ၀င်းထဲမှာ လာကြမှာပေါ့။ နေရာကလည်း ပြတ်တာကို နေရာပြတ်တော့ အဲဒီနေရာကို ၀င်ကြမှာပေါ့။ ကားလာလဲတာ အန်ကယ့်ထဲမှာ ရဲကအမြဲရှိတယ်။ ရဲတွေ့တာနဲ့ မောင်းတဲ့သူက ထွက်ပြေးသွားကြတယ်လို့ သိရတယ်။ ခရိုင်မှူးက လာပြောတယ်” ဟု ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှ မူးယစ်(ပ) ၇/၂၀၁၅၊ မူး ယစ်ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။   
Credit to>>>Eleven Media                                    

No comments:

Post a Comment