Pages

29.9.15

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ချင်းမိုင်မြို့တွင် စတင်ဆွေးနွေး

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း၊ မရေးထိုးခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်မှစတင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးလျက် ရှိကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၃၀ ရက်ထိ သုံးရက်ကြာ ပြုလုပ်မည့် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD) အဖွဲ့ ၁၇ ဖွဲ့အပြင် SD အဖွဲ့ဝင် မဟုတ်သည့် အဖွဲ့အစည်းများ  ကိုလည်း ဖိတ်ကြားထားရာ SD အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်ခဲ့သော်လည်း ‘၀’ ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) နှင့် နာဂအဖွဲ့ (NSCN-K) တို့ မတက်ရောက်ကြောင်း SD သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ သိရသည်။
SD ဒုတိယ အဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံးက “ဒီနေ့ NCA လက်မှတ်ရေးထိုးရေး ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ဆွေးနွေးဖြစ်ပါတယ်။ ဒါပေမဲ့လို့ လက်မှတ်ထိုးရေး မထိုးရေး ကိစ္စကတော့ မပြီးပြတ်သေးပါဘူး။ မနက်ဖြန်မှ ဆက်ဆွေးနွေးမှာပါ။ အဖွဲ့အားလုံးကတော့ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးတဲ့နေရာမှာ ဘယ်အဖွဲ့အစည်းကမှ လက်မှတ်မထိုး ပါဘူးလို့ပြောတဲ့ အဖွဲ့အစည်း မရှိပါဘူး။ အစိုးရနဲ့ SD နဲ့ ညှိထားတဲ့ အောက်တိုဘာလမှာ ထိုးမယ်ဆိုတဲ့  အဖွဲ့ရယ် နောက်တဖြည်းဖြည်း အချိန်ယူပြီးမှ ပြည်သူနဲ့ တွေ့ဖို့ရှိတယ် တပ်တွေကိုလည်း အကြောင်းကြားဖို့ ရှိတဲ့အတွက်ကြောင့် တဖြည်းဖြည်း ထိုးမယ်ဆိုတဲ့ နှစ်ခုပဲ ကွာပါတယ်။  တစ်ဖွဲ့ချင်းစီ သဘောထားတင်ပြတဲ့ အနေအထားပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ကြားမှာ ညှိနှိုင်းမှုတွေ ဘယ်လိုလုပ်မယ်ဆိုတဲ့ ကိစ္စမျိုးတွေ မလုပ်ရသေးပါဘူး။ အားလုံးက ထိုးမယ်ဆိုတဲ့မူ ကျပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ထိုးမယ် ဆိုတာကိုပဲ ကျွန်တော်တို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ မနက်ဖြန်လောက် ဆိုရင်တော့ အဖြေရမှာပါ” ဟု ပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များနှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့သည့် ရလဒ်များအပေါ် အခြေခံ၍ လက်ရှိ တိုင်းရင်းသားနယ်မြေ အသီးသီးအတွင်း စစ်ရေးနိုင်ငံရေး ဖြစ်ပေါ်မှုများကို အကျေအလည် ဆွေးနွေးမည် ဖြစ်ကြောင်း၊ ထို့နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထားများကို ရယူ၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အကောင်အထည် ဖော်နိုင်ရန်နှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် မျှော်မှန်းသည်ဟု တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေး ကျင်းပခြင်းနှင့် ပတ်သက်ပြီး SD သတင်းနှင့် ပြန်ကြားရေး အဖွဲ့က စက်တင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
 
Credit  To >>> Eleven Media Group

No comments:

Post a Comment