တပ်မတော်နှင့် KIA တို့အကြား
တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဆွမ်ပရာဘွမ် မြို့နယ် မလိယန်နှင့်
လောက်မိုင်ယန် ကျေးရွာ အနီးရှိကျေးရွာများမှ စစ်ဘေးရှောင် ဒုက္ခသည်များမှာ
နီးစပ်ရာနေရာရှိ ဒုက္ခသည် စခန်းများနှင့် ကျေးရွာများကို စွန့်ခွာ၍ ထွက်ပြေး
တိမ်းရှောင်နေရကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ
ဦးစန်းအောင်က ပြောကြားသည်။
“သြဂုတ်လ ၂၉ ရက်နေ့ကတော့ တိုက်ပွဲပြင်းထန်တယ်။ လောက်မိုင်ယန် ဆိုတဲ့ရွာကို တပ်က သိမ်းလိုက်တော့ အဲ့ဒီမှာရှိတဲ့ ဒုက္ခသည်တွေက သူတို့အတွက် ပိုလုံခြုံမယ့်နေရာကို ရွှေ့ပြောင်းနေကြ ရတယ်” ဟု ဦးစန်းအောင်က ဆိုသည်။
လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသည့် ဆွမ်ပရာဘွမ်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ ရှိရာ ကျေးရွာများ ထောက်ပံ့မှုများ ပေးနိုင်ရန် သက်ဆိုင်ရာ အဆင့်ဆင့်သို့ ခွင့်ပြုချက် တောင်းခံထားသော်လည်း ယနေ့အထိ တရားဝင် ခွင့်ပြုချက် မရသေးကြောင်း ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်များကို ထောက်ပံ့မှုများ လုပ်ဆောင်ပေးနေသည့် မေတ္တာဖွံ့ ဖြိုးရေး ဖောင်ဒေးရှင်းမှ ဦးဂွမ်ဂျာအောင်က ပြောကြားသည်။
“ဆွမ်ပရာဘွမ် ဒေသတွေမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီ ထောက်ပံ့ခွင့် ပေးဖို့ သက်ဆိုင်ရာကို တင်ပြထားတာ နှစ်လလောက်ရှိပြီ။ အဓိကတော့ စစ်ဘေးရှောင်တွေ အတွက် အရေးကြီး လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးတွေ ထောက်ပံ့ဖို့ပါ။ ဒီနေ့ထိတော့ ဘာခွင့်ပြုချက်မှ မရသေးဘူး။ အခုဆိုရင် မိုးရာသီဖြစ်သလို တိုက်ပွဲတွေကလည်း ပြင်းထန်လာတော့ ကျွန်တော်တို့ စိုးရိမ်တယ်” ဟု ဦးဂွမ်ဂျာအောင်က ထပ်လောင်းပြောဆိုသည်။
မလိယန် ဒုက္ခသည်စခန်းမှာ ဆွမ်ပရာဘွမ်နှင့် မြစ်ကြီးနားမြို့ ကြားတွင် တည်ရှိပြီး ယင်းဒေသတွင် စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၁၄၀၀နီးပါး ရှိသည်ဟု ဦးဂွမ်ဂျာအောင်က ပြောကြားသည်။
Credit To >>> The Voice News

No comments:
Post a Comment