
အိန္ဒိယ၊ အမေရိကန်နှင့် ဂျပန်တို့သည် ခြောက်ရက်ကြာ ရေတပ် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို အောက်တိုဘာ ၁၉ ရက်တွင် အဆုံးသတ်ခဲ့ပြီး ၎င်းတို့ နိုင်ငံများအကြား စစ်ရေး ပူးပေါင်းမှု နီးကပ်လာခြင်းသည် ဒေသတွင်း၌ တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်မားလာခြင်းအား တန်ပြန်မှု တစ်ခုဟု ရှုမြင်ခံရသည်။
အမေရိကန်နှင့် အိန္ဒိယတို့က ဘင်္ဂလား ပင်လယ်အော်ရှိ ကပ္ပလီ ကျွန်းစု အလွန်တွင် နှစ်စဉ် ပြုလုပ်နေကျ ဖြစ်သော မာလာဘာ စစ်ရေး လေ့ကျင့်မှု၌ ဂျပန်၏ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး မရိန်းတပ်ဖွဲ့ (MSDF) က နှစ်နှစ်ဆက်တိုက် ပူးပေါင်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာ ၁၄ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့သော ယင်းပူးတွဲ စစ်ရေး လေ့ကျင့်မှုများသည် အင်ဒို-ပစိဖိတ် ဒေသများရှိ အရေးပါသော နိုင်ငံများအကြား ရေတပ် ပူးပေါင်း ဆောင်ရွက်မှု စွမ်းရည် မြင့်မားလာစေရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဒေသတွင်း သြဇာကြီး တရုတ်သည် ၎င်း၏ ရေတပ်ကို သမုဒ္ဒရာအထိ ဖြန့်ကြက်လာနေပြီး တောင်တရုတ် ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်တို့ရှိ အငြင်းပွားနေသော ပိုင်နက်များကို ပိုင်ဆိုင်ကြောင်း ကြေညာနေသည်။အိန္ဒိယသည် တရုတ်နှင့် ပိုင်နက် အငြင်းပွားမှု ပြဿနာ ကာလရှည်ကြာ ဖြစ်ပွားနေပြီး နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သော နှစ်တွင် နယ်စပ်၌ လိပ်ခဲတည်းလည်း အခြေအနေ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အမေရိကန် သမ္မတ ဘာရက်အိုဘားမားတို့နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့သည့် အိန္ဒိယ၀န်ကြီးချုပ် နရင်ဒရာမိုဒီက တရုတ်၏ ချဲ့ထွင်ရေး ၀ါဒီ စိတ်သဘောထားကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဂျပန်သည် မာလာဘာ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့၌ ပါဝင်ခဲ့ဖူးပြီး အိန္ဒိယတွင် ၀န်ကြီးချုပ် မိုဒီ တက်လာခဲ့ပြီးနောက် ပြီးခဲ့သောနှစ်မှ ပြန်လည် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။ ယင်းစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည့် ဖူယုဇူကီ ဖျက်သင်္ဘောတစ်စင်းနှင့် ရေတပ်တပ်ဖွဲ့ဝင် ၂၀၀ ခန့်ကို စေလွှတ်သွားမည် ဖြစ်ကြောင်း ဂျပန်က ပြီးခဲ့သောလတွင် ကြေညာခဲ့သည်။ ယခုလေ့ကျင့်မှုတွင် အိန္ဒိယမှ ဖရိုင်းဂိတ် သင်္ဘောများ၊ ပဲ့ထိန်း ဒုံးကျည်တပ် ဖျက်သင်္ဘောတစ်စင်း၊ ရေငုပ် သင်္ဘောတစ်စင်းနှင့် လေယာဉ်တစ်စင်းတို့ ပါဝင်ခဲ့သည်။ အမေရိကန်က ယင်းလေ့ကျင့်မှုအတွက် လေယာဉ်တင် သင်္ဘော USS Theodore Roo-sevelt၊ ခရုစ်သင်္ဘော တစ်စင်းနှင့် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းတို့ကို စေလွှတ်ခဲ့ကြောင်း သိရသည်။
တရုတ်၏ သြဇာကြီးမားလာမှုနှင့် စစ်ရေး တည်ဆောက်မှုများကြောင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံအချို့က ထိတ်လန့် ပူပန်မှု ဖြစ်ပေါ်နေချိန်တွင် အမရိကန်သည် အာရှဒေသကို အာရုံစိုက်မှု တိုးချဲ့လာခဲ့သည်။
Credit To >>> Eleven Media Group
No comments:
Post a Comment