Pages

21.10.15

အစိုးရက ထောက်ပံ့သော တိုက်ခိုက်မှုများ (State-Sponsored attacks) နှင့် ပတ်သက်၍ အသုံးပြုသူများကို Facebook က သတိပေးမှု ပြုလုပ်မည်


Facebook သည် Google ၏ ခြေရာကို နင်းလျက် အစိုးရက ထောက်ပံ့သည့် ဆိုက်ဘာတိုက်ခိုက်မှုများ၏ ပစ်မှတ်ထားခံရသည်ဟု ယူဆရသူများကို သတိပေးမှုများ စတင်ပြုလုပ် သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။
“ဒီနေ့ကစပြီး နိုင်ငံအစိုးရရဲ့ ကိုယ်စား အလုပ်လုပ်နေတယ်လို့ ယူဆရတဲ့ တိုက်ခိုက်မှု တစ်ရပ်က ခင်ဗျားရဲ့ အကောင့်ကို ပစ်မှတ်ထားတယ်လို့ ကျွန်တော်တို့ ယူဆရရင် သတိပေးမှု ပြုလုပ်သွားမှာပါ” ဟု Facebook လုံခြုံရေးဆိုင်ရာ အကြီးအကဲ အဲလက်စ်စတာမို့စ်က ဘလော့ဂ်တစ်ခု၌တင်သည့် ပို့စ်တစ်ခုတွင် ပြောကြားထားသည်။

“ကျွန်တော်တို့ ဘာလို့ သတိပေးရလဲဆိုတော့ ဒီလို တိုက်ခိုက်မှု အမျိုးအစားတွေဟာ တခြားဟာတွေထက် ပိုတိုးတက် ခေတ်မီပြီး ပိုအန္တရာယ်ကြီးလို့ပါ။ သူတို့ရဲ့ အွန်လိုင်းအကောင့် အားလုံး လုံခြုံဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့ တိုက်ခိုက်ခံရသူတွေကို ကျွန်တော်တို့ အပြင်းအထန် အားပေးသွားပါမယ်” ဟုလည်း  စတာမို့စ်က ပြောကြားခဲ့သည်။

လုံခြုံရေးဆိုင်ရာအရ အကြံပေးမှုထဲတွင် စနစ်များ ပြန်လည်တည်ဆောက်ရန် အပြင် ခေတ်မီဆန်းပြားသော သူလျှိုဆော့ဖ်ဝဲ ကူးစက်ခံရသည်ဟု ယူဆရသော ကွန်ပျူ တာများကို လဲလှယ်ပစ်ရန် အထိပင် ပါဝင်သည်ဟု ဆိုသည်။ Facebook မှ သတိပေး နှိုးဆော်ချက်ထဲတွင် အသုံးပြုသူများအား အကောင့်များကို ချက်ချင်းလုံခြုံအောင် ပြုလုပ်ရန် တောင်းဆိုသည့် ဘောက်စ်မက်ဆေ့ခ်ျများ ပါဝင်ပြီး အသုံးပြုသူ၏ မိုဘိုင်းဖုန်းဆီသို့ လျှို့ဝှက်နံပါတ်တစ်ခု ပို့ရန် လိုအပ်သည့် Feature တစ်ခု ပြောင်းလဲရန် Link တစ်ခုကိုလည်း ပေးမည်ဖြစ်သည်။ ၎င်းအပြင် Log in ပြန်ဝင်ရန် Password တစ်ခုကိုလည်း ပေးမည်ဖြစ်သည်။


Google သည် လုံခြုံရေး မြှင့်တင်မှုကို ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း ကတည်းက ပြုလုပ်ခဲ့ပြီး အစိုးရက ထောက်ပံ့ထားသည့် ဟက်ကာများ၏ တိုက်ခိုက်မှု ခံရသည်ဟု ယူဆရသူများကို သတိပေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းအချိန်က Google သည် “အစိုးရက ထောက်ပံ့တဲ့ တိုက်ခိုက်မှုကို ကျွန်တော်တို့ ဘယ်လို သိသလဲ ဆိုတာ ခင်ဗျားတို့ မေးမြန်းနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒီလို ဆိုးဆိုးရွားရွား ပြုမူသူတွေနဲ့ ပတ်သက်ပြီး အထောက်အကူ ဖြစ်စေမယ့် အချက်အလက်တွေ မရဘဲ ကျွန်တော်တို့ အသေးစိတ် မသွားနိုင်ပါဘူး။ ဒါပေမဲ့ အသုံးပြုသူတွေရဲ့ အစီရင်ခံမှုတွေအပြင် ကျွန်တော်တို့ရဲ့ အသေးစိတ် လေ့လာသုံးသပ်ချက်က အစိုးရက ထောက်ပံ့ထားတဲ့ အုပ်စုတွေ ဒါမှမဟုတ် အစိုးရတွေ ပါဝင်ပတ်သက်နေတာကို အပြင်းအထန် ထောက်ပြနေပါတယ်” ဟု Google က ပြောကြားခဲ့သည်။

Credit To >>> Eleven Media Group

No comments:

Post a Comment