Pages

20.11.15

အာဆီယံ အသိုက်အမြုံ ထူထောင်မှုကြောင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းမှု ပိုကောင်းမည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် ပြောကြား


အာဆီယံ အသိုက်အမြုံ (Asean Community) ထူထောင်မှုကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းမှု ပိုကောင်းမည်ဟု အာဆီယံ အတွင်းရေးမှူးချုပ် လီလောင်မင်းက နိုဝင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။


၂၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး၌ အာဆီယံ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် အာဆီယံ အသိုက်အမြုံ ထူထောင်ခြင်း ကြေညာချက် ထုတ်ပြန်မည်ဖြစ်ကာ ထိုအချက်ကို ရည်ညွှန်းပြီး မစ္စတာ လီလောင်မင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အာဆီယံ အဖွဲ့ဝင်တွေရဲ့ ခိုင်မာတဲ့ ခံယူချက်နဲ့ တူညီတဲ့ သဘောထားတွေကြောင့် အာဆီယံ အသိုက်အမြုံ ပေါ်လာတာနဲ့ အာဆီယံနိုင်ငံတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ ပိုပြီး စည်းလုံးသွားပါလိမ့်မယ်။ အာဆီယံ ပြည်သူတွေဟာလည်း တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှု ပိုလာစေပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အာဆီယံကနေတစ်ဆင့် ကမ္ဘာ့အသိုင်းအ၀ိုင်းနဲ့ လက်တွဲနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းနဲ့ ကြွယ်ဝမှုတွေကို ခံစားနိုင်ပါလိမ့်မယ်” ဟု အာဆီယံ အတွင်းရေးမှူးချုပ်က ပြောကြားသည်။

အာဆီယံ အသိုက်အမြုံ ထူထောင်ခြင်းနှင့်အတူ အာဆီယံစီးပွားရေး အသိုက်အ၀န်း စတင်ခြင်းမှာ ဒီဇင်ဘာ ၃၁ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်သည်။ နိုဝင်ဘာ ၂၁ ရက်တွင် စတင်မည့် ထိပ်သီးအစည်းအဝေးတွင် အာဆီယံအသိုက်အမြုံ ထူထောင်ခြင်း သာမက အာဆီယံ၏ ၂၀၂၅ မျှော်မှန်းချက် သဘောတူညီချက် မူကြမ်းကိုလည်း ထုတ်ပြန်မည်ဖြစ်သည်။ ထို့ပြင် ဒေသတွင်း နိုင်ငံများမှ ထူးချွန်သည့် ပြည်သူနှင့် အဖွဲ့အစည်း ၁၀ ခုကို ဆုချီးမြှင့်မည့် ‘အာဆီယံ ပြည်သူ့ဂုဏ်ရည်’ ဆုပေးပွဲကိုလည်း ပြုလုပ်မည်ဟု သိရသည်။

၂၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံ ထိပ်သီးခေါင်းဆောင် ၁၀ ဦးအပြင် အမေရိကန်သမ္မတ ဘားရတ်အိုဘားမား၊ တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟီး၊ သြစတြေးလျ ၀န်ကြီးချုပ် မယ်ကွန်တန်ဘူ၊ ရုရှားဝန်ကြီးချုပ် မက်ဗီဒက်၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်း၊ အိန္ဒိယ၀န်ကြီးချုပ် မိုဒီ၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီးတို့လည်း တက်ရောက်ကြမည်ဖြစ်သည်။


Credit To >>> Eleven Media Group

No comments:

Post a Comment