
မာလီနိုင်ငံ မြောက်ပိုင်းရှိ ကုလသမဂ္ဂ အခြေစိုက် စခန်းတစ်ခုသည် နိုဝင်ဘာ ၂၈ ရက်က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခြင်း ခံခဲ့ရရာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သားဝန်ထမ်း တစ်ဦးတို့ သေဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုကို ဂျီဟတ်အုပ်စု အန်ဆာဒင်း (Ansar Dine) က လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ လုံခြုံရေးကောင်စီကမူ ယင်းလုပ်ရပ်သည် စစ်ရာဇ၀တ်မှု ဖြစ်နိုင်သည်ဟု သတိပေးခဲ့သည်။
ဒုံးကျည် တိုက်ခိုက်မှုသည် အရုဏ်မတက်မီ အချိန်က ဖြစ်ပေါ်ခဲ့ပြီး လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတို့အနက် လေးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မာလီနိုင်ငံထဲရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအဖွဲ့ (MINUSMA) မှ ထုတ်ပြန်ခဲ့သည်။ မာလီမြို့တော် ဘာမာကိုရှိ ထိပ်တန်းဟိုတယ် တစ်ခုကို ဂျီဟတ်တို့က ၀င်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ပြီး သီတင်းတစ်ပတ် အကြာတွင် ယခုဒုံးကျည် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ကီဒယ်မြို့မှာရှိတဲ့ ကျွန်တော်တို့ စခန်းကို အကြမ်းဖက်သမားတွေက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်” ဟု MINUSMA မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သေဆုံးခဲ့သည့် ငြိမ်းချမ်းရေး ထိန်းသိမ်းသည့် တပ်ဖွဲ့ဝင် နှစ်ဦးမှာ ဂီနီနိုင်ငံသားများ ဖြစ်ကြပြီး အရပ်သား ၀န်ထမ်းမှာ ဘာကီနာဖာဆိုနိုင်ငံသား ဖြစ်သည်။ အကြမ်းဖက် သမားများသည် ထိုပစ်ခတ်မှုများကို ပြုလုပ်ပြီးနောက် ပြန်လည်ထွက်ပြေးသွားကြသည်ဟု သိရသည်။
ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံကောင်စီအဖွဲ့က မာလီအစိုးရကို တိုက်တွန်းခဲ့သည်။ ယခုကဲ့သို့ လုံခြုံရေး ထိန်းသိမ်းသည့် တပ်ဖွဲ့များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇ၀တ်မှု မြောက်နိုင်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
အန်ဆာဒင်းအုပ်စုသည် အစ္စလာမ္မစ် မာရစ်အယ်လ်ကေးဒါးအဖွဲ့ (AQIM)၊ မာစီနာ လွတ်မြောက်ရေး တပ်ဦးတို့နှင့် မဟာမိတ်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သော ဘာမာကိုရှိ ဇိမ်ခံဟိုတယ် Radisson Blu အား ၀င်စီးတိုက်ခိုက်မှုကို အန်ဆာဒင်းအုပ်စုက ၎င်းတို့ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်ဟု ၀န်ခံခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း နိုင်ငံခြားသား ၁၄ ဦး အပါအ၀င် လူ ၂၀ သေဆုံးခဲ့ရသည်။ ဟိုတယ် တိုက်ခိုက်မှု မဖြစ်ပွားမီ လေးရက် အလိုကလည်း သမိုင်းဝင် ကန္တာရမြို့ တင်ဘုတူတွင် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံခဲ့ရာ ကုလသမဂ္ဂ ၀န်ထမ်းတစ်ဦး သေဆုံးခဲ့သည်။
MINUSMA အကြီးအကဲ မွန်ဂီဟမ်ဒီကမူ မာလီပြည်သူများနှင့် ၎င်းတို့၏ ငြိမ်းချမ်းရေးအတွက် ကူညီထောက်ပံ့ရန် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် ထိုတိုက်ခိုက်မှုများကြောင့် ယိုင်နဲ့သွားမည် မဟုတ်ဟု ဆိုခဲ့သည်။
Credit To >>> Eleven Media Group
No comments:
Post a Comment