တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့စည်းအားလုံးနှင့် အပစ်အခတ်ရပ်စဲရေးကို
အကောင်အထည်မဖော်နိုင်သေးချိန်တွင် နိုင်ငံရေးဆွေးနွေးပွဲများကို
မပြုလုပ်သေးဘဲ အချိန်ရွှေ့ဆိုင်းထားသင့်ကြောင်း
အရပ်ဘက်လူမှုအဖွဲ့စည်းတစ်ရာကျော်က ဇန်နဝါရီ၅ရက်တွက်
သဘောထားထုတ်ပြန်တောင်းဆိုလိုက်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမည့်ဇန်နဝါရီလ ၁၂ရက်နေ့တွင်
နေပြည်တော်၌စတင်ကျင်းပရန်စီစဉ်ထားခြင်းနှင့်ပတ်သက်ပြီး
အရပ်ဘက်လူထုအဖွဲ့အစည်းတစ်ရာကျော်က စုပေါင်းသဘောထားထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါတောင်းဆိုမှုကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊
ပညာရေးပြုပြင်ပြောင်းလဲမှုနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၊
ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ အထက်မြန်မာပြည်ရှေ့နေများကွန်ရက်၊
ညီမျှခြင်းမြန်မာ၊ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့များအပါအဝင်
စုစုပေါင်းအရပ်ဘက် ၁၂၆ဖွဲ့က လက်မှတ်ရေထိုးတောင်းဆိုခြင်းဖြစ်သည်။
“လောလောဆယ်အနေထားမှာ အပစ်ရပ်လက်မှတ်ထိုးတဲ့အခါ အားလုံးမပါသေးဘူး။ ဒါပေမဲ့
လက်ရှိမှာလက်မှတ်ထိုးတဲ့အဖွဲ့နဲ့ကော မထိုးတဲ့အဖွဲ့နဲ့ကော
တိုက်ပွဲတွေကဆက်ဖြစ်နေတယ်။ အဲ့လိုဖြစ်နေတဲ့အခြေအနေမှာ နောက်တစ်ဆင့်အနေနဲ့
နိုင်ငံရေးဆွေးနွေးပွဲတွေထပ်လုပ်မယ်ဆိုတော့ အဲ့ဒီအခြေနေတွေအားလုံးကို
လျစ်လျှူရှုလိုက်သလိုဖြစ်သွားတယ်။ အဲ့ဒါကိုလည်းကျွန်တော်တို့ကစိုးရိမ်တယ်”ဟု
အရပ်ဘက်အဖွဲ့စည်းများ၏ပြောရေးဆိုခွင့်ရှိသူ ကိုသွင်လင်းအောင်က
ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီးပြောကြားသည်။
ထို့အပြင်
နိုင်ငံရေးဆွေးနွေးပွဲကိုတက်ရောက်မည့် ကိုယ်စားပြုအချိုးအစားများနှင့်
ဆုံးဖြတ်ချက်ရယူမည့် ရာခိုင်နှုန်းသတ်မှတ်ချက်များကို ပြန်လည်သုံးသပ်၍
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို
လက်မှတ်မထိုးသေးသောအဖွဲ့များ၏အကြံပြုချက်များ၊
အမြင်သဘောထားများစုစည်းရယူရန်လည်း အရပ်ဘက်အဖွဲ့အစည်းများက
တိုက်တွန်းတောင်းဆိုထားသည်။
“ဆွေးနွေးမည့်အင်အားစုသုံးပွင့်ဆိုင်အဖြစ် အစိုးရရယ်၊ တိုင်းရင်းသားတွေရယ်၊
ဒီမိုကရေစီအင်အားစုတွေနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးမယ်ဆိုပြီး
အစပိုင်းမှာပြောခဲ့ပေမယ့် အခုကျတော့ စစ်တပ်နှင့်လွှတ်တော်က
ထပ်တိုးပါလာတယ်ပေါ့။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးလည်း
ရှုပ်ထွေးမှုတွေဖြစ်နေတာဆိုတော့ ကျွန်တော်တို့ဖြစ်ချင်သလိုမဖြစ်ဘဲနဲ့
ကောင်းကျိုးနည်းသွားပြီး ဆိုးကျိုးတွေပိုဖြစ်လာမှာကိုစိုးရိမ်မိတယ်။
အဲ့ဒါကြောင့်ဒီကြေညာချက်ကိုထုတ်ရတာပါ” ဟု
ကိုသွင်လင်းအောင်ကထပ်လောင်းပြောကြားသည်။
ထို့အပြင်၂၀၁၅ခုနှစ်ဒီဇင်ဘာလ (၁၆) ရက်နေ့တွင်
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို အတည်ပြုချမှတ်လိုက်ခြင်းနှင့်
၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့တွင်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံခေါ်ယူရန်ကြေညာခြင်းတို့သည်
ရှမ်းပြည်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်တွင်ဖြစ်နေသောတိုက်ပွဲများကို
လျစ်လျူရှုလိုက်ခြင်းဖြစ်ကြောင်း
အရပ်ဘက်အဖွဲ့အစည်းများကသဘောထားထုတ်ပြန်ထားသည်။
ယင်းကဲ့သို့
အရပ်ဘက်အဖွဲ့စည်းများ၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသည့်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက
“လက်ရှိအစိုးရလက်ထက်မှာ NCA ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်။
နောက်ပြီးလွှတ်တော်မှာလည်း ကန့်ကွက်သူမရှိအတည်ပြုနိုင်ခဲ့တယ်။
နောက်တစ်ဆင့်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုကျင်းပတဲ့အခါ
ပထမဦးဆုံးအနေနဲ့အခြေခံအုတ်မြစ်ချတဲ့အဆင့်က ပိုပြီးအဓိကကျပါတယ်။
တခြားလူမှုအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကတော့
ပြင်သာပြောင်းသာရှိတဲ့အချက်တွေအဖြစ် ကျွန်တော်တို့သဘောတူညီခဲ့တာဖြစ်ပါတယ်”
ဟု မှတ်ချက်ပေးပြောကြားသည်။
ထို့အပြင်
၂၀၁၁ခုနှစ်မှတစ်ကျော့ပြန်စတင်ဆွေးနွေးအတည်ပြုလာခဲ့သော
အဆင့်ဆင့်သောအပစ်အခတ်ရပ်စဲရေးစာချုပ်များသည် လက်တွေ့တွင်အရာမဝင်ဘဲ
ထောင်သောင်းချီသောအပြစ်မဲ့ပြည်သူများကို စစ်ဘေးရှောင်ဒုက္ခသည်များအဖြစ်
ရောက်ရှိစေသည့်အကြောင်းအရာများကိုလည်း အဖြေရှာသင့်ကြောင်း
အရပ်ဘက်အဖွဲ့စည်းများကအကြံပြုတိုက်တွန်းထားသည်။
Credit to >>> The Voice Weekly
No comments:
Post a Comment