Pages

22.3.16

ဦးမြင့်ဆွေ ဒုသမ္မတ နေရာရရှိထားခြင်းကို စိုးရိမ်ရန်မလိုဟု သူရဦးတင်ဦးဆို


တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အမည်တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထား ရသည့်အပေါ်တွင် ပြည်သူလူထုက စိုးရိမ်ရန် မလိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက သူရဦးတင်ဦးက ပြောကြားသည်။


မတ်လ၂၁ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သော စာရေးဆရာ ညီနောင်(Hammer)၏ “လူမျိုးတုံးသတ်ဖြတ်ခြင်း ခေတ်ကာလ (သို့မဟုတ်) ငရဲခန်းက ပြဿနာ” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်လာသော သူရဦးတင်ဦးက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ဒုတိယသမ္မတကို သမ္မတကြီးက တာဝန်ခွဲပေးရမှာပေါ့။ ဒုတိယသမ္မတမှာ တပ်မတော်က ပေးထားတာက တစ်ဖြစ်နေတာကို ပြည်သူလူထုက နည်းနည်းတော့ စိုးရိမ်မှုရှိကြတယ်။ စိုးရိမ်စရာမလိုပါဘူး ဒါကို ထိန်းကျောင်းသွားနိုင်မှာပါ အားလုံးကို ချုပ်ကိုင်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်”ဟု ဦးတင်ဦးကပြောသည်။

ထို့အပြင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနှင့်လည်း အစိုးရတစ်ဖွဲ့လုံးကို ပါတီမှတစ်ဆင့် မူဝါဒချ၍ ထိန်းချုပ်နိုင်သော အနေအထားသို့ ရောက်ရှိနေကြောင်း ၄င်းကဆိုသည်။

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတ တစ်ဦးကို တင်မြှောက်ခွင့်ရရှိထားပြီး မတ်လ ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်ဘက်မှတင်သည့် လက်ရှိရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးမြင့်ဆွေသည် ဆန္ဒမဲအရေအတွက် ဒုတိယအများဆုံးဖြင့် ဒုသမ္မတ (၁)အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ယင်းအစည်းအဝေးတွင် ထောက်ခံ ဆန္ဒမဲအရေအတွက် အများဆုံးရရှိခဲ့သော NLD ပါတီ မှ အမည်တင်သွင်းသည့် ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ ဆန္ဒမဲအရေအတွက် တတိယအများဆုံးရရှိခဲ့သော NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူကို ဒုတိယသမ္မတ အဖြစ်လည်းကောင်း အသီးသီး ရွေးချယ်တင်မြှောက်ခဲ့သည်။

ဦးမြင့်ဆွေသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဆွေမျိုးနီးစပ်သူတစ်ဦးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်ယူစဉ်ကာလအတွင်း သဘောထား တင်းမာသူတစ်ဦးအဖြစ် ပြည်သူလူထု၏ ဝေဖန်ခြင်းခံရသူဖြစ်သည်။

အလားတူ ဦးမြင့်ဆွေကို သမ္မတလောင်းအမည်စာရင်း တင်သွင်းခဲ့ခြင်းသည် NLD ပါတီ အရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထိန်းကျောင်းရန်အတွက် တပ်မတော်က ရွေးချယ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ထောက်ပြပြောဆိုထားသည်။

Credit To >>> The Voice Weekly

No comments:

Post a Comment