Pages

31.3.16

စောင့်ကြည့်ရမည့် ဝန်ကြီးချုပ်များ

မတ်လ ၂၈ ရက်ကျမှ ပြည်နယ်တိုင်းလွှတ်တော် အသီးသီးမှာကြေညာမယ့် အင်န်အယ်လ်ဒီဝန်ကြီးချုပ် အမည်စာရင်းတွေဟာ ထုံးစံအတိုင်း မတ်လ ၂၇ ရက် ညနေဘက်ကတည်းက အွန် လိုင်းပေါ်ရောက်လာတယ်။
မတ်လ ၂၈ ရက် နံနက်ဘက် ပြည်နယ်တိုင်းအသီးသီးမှာ ဝန်ကြီးချုပ်အမည်စာရင်းတွေ တင်ကြတော့လည်း ၂၇ ရက် ထွက်ခဲ့တဲ့ ဝန်ကြီးချုပ် ၁၄ ဦးအမည် စာရင်းအ တိုင်းပဲ ဖြစ်ခဲ့ တယ်။ ပြည်နယ်တိုင်း လွှတ်တော်အသီးသီးမှာ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌနာမည်တွေကြိုထွက်ခဲ့သလိုပဲ အခုလည်းဝန်ကြီး ချုပ်စာရင်းတွေထပ်တူကျ ကြိုထွက်ခဲ့ တာဖြစ်တယ်။
အင်တာနက်ကို တယ်လီဖုန်းကနေ အလွယ်တကူသုံးစွဲနိုင်နေကြပြီး ဖုန်းတစ်လုံးရှိရုံ လက်ညှိုးလေးတစ်ချက်နှိပ်လိုက်ရုံနဲ့ အွန်လိုင်းပေါ်အလွယ်တကူ တင်နိုင်တဲ့ခေတ်ပေကိုးလို့ပဲ ဖွဖွတိုးတိုးရွတ်ဆိုမိရင်း အင်န်အယ်လ်ဒီကတင်တဲ့ ဝန်ကြီးချုပ်တွေကို ခွဲခြမ်း စိတ်ဖြာကြည့်မိတယ်။ ပြည်နယ်၊ တိုင်း ၁၄ ခုက အစိုးရ အဖွဲ့ ၁၄ ခုကို ဦးဆောင်မယ့်ဝန်ကြီးချုပ် ၁၄ ယောက် စလုံး အင်န်အယ်လ်ဒီကချည်းပဲဖြစ်တယ်။ တောင်ပြို ကမ်းပြိုအနိုင်ရပါတီက သူ့ကိုယ်စားလှယ် သူစိတ်ကြိုက် ရွေးချယ်ခန့်ပြီး ၁၄ ယောက်စလုံး အင်န်အယ်လ်ဒီကချည်း ဖြစ်တာ တကယ်တော့ အံ့သြစရာအကြောင်း ဘာမှမရှိ။
ဝန်ကြီးချုပ်တွေထဲနှစ်ယောက်က အမျိုးသမီးတွေ ဖြစ်ပြီး တစ်ယောက်က ကရင်နဲ့နောက်တစ်ယောက်က တနင်္သာရီတို့မှာ ဝန်ကြီးချုပ်ဖြစ်လာကြ တယ်။ ကရင် ပြည်နယ်ဝန်ကြီးချုပ် လုပ် မယ့် ဒေါ်နန်းခင်ထွေးမြင့်က ကရင်အမျိုးသမီး၊ အင်န်အယ်လ်ဒီရဲ့ တကယ့်ဒေါင်ဒေါင် မြည် ဝါရင့်ထိပ် တန်းခေါင်းဆောင်၊ မျိုးရိုးနဲ့နိုင်ငံရေးလုပ်လာ သူဖြစ်ပြီး နိုင်ငံရေး သမား ပီပီမီဒီယာနဲ့ တစ်ရေးနိုး ထပြီးနိုင်ငံရေး စကားပြောနိုင်သူဖြစ်တယ်။ အသက်အရွယ် အရရော၊ နိုင်ငံရေးလုပ်သက်အရရော ဘယ်ဘက်က စမ်းစမ်းအစမ်းခံနိုင်မယ့်သူမျိုးဖြစ်တယ်။
ကြုံဖူးဆုံဖူး စကားပြောဆိုဆက်ဆံဖူးသူမို့ ဒေါ်နန်းခင်ထွေးမြင့်ဟာ သူ့တာဝန်ကို သူကောင်းကောင်းလုပ်ဆောင်နိုင်မယ့် သူမျိုးဖြစ်တယ်လို့ ရဲရဲဝံ့ဝံ့ပြောနိုင်ပါတယ်။ နောက် အမျိုးသမီးဝန်ကြီး ချုပ်ဖြစ်လာမယ့် တနင်္သာရီတိုင်းက ဒေါ် လဲ့လဲ့မော်ကတော့ အမ်ဘီဘီအက်စ် ဘွဲ့ရ ဆရာဝန်တစ်ဦး၊ ၂ဝဝ၁ ခုနှစ်အထိ အစိုးရဆရာဝန်အလုပ်လုပ်ခဲ့ဖူးပြီး ၂ဝ၁၂ ခုနှစ်ကျမှ အင်န်အယ်လ်ဒီ ထဲရောက် လာသူ၊ အင်န် အယ်လ်ဒီရဲ့ ကျန်းမာရေးကွန်ရက် အဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်းနဲ့လက်တွဲပြီး တနင်္သာရီတိုင်း အတွင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ် ဆောင် ဖူးသူဖြစ်တယ်။ ဒါက အင်န်အယ်လ်ဒီတင်တဲ့အ မျိုးသမီးဝန်ကြီး ချုပ်နှစ်ယောက်အကြောင်း လက်လှမ်း မီသမျှတင်ပြခြင်း။
ဝန်ကြီးချုပ် ၁၄ ယောက်စလုံးကို ခြုံငုံလေ့လာ ကြည့်တော့ ခုနင်ကအမျိုး သမီးဝန်ကြီးချုပ်နှစ်ယောက်ကို နှိုင်းယှဉ်တင်ပြခဲ့တဲ့အတိုင်း တချို့ဝန်ကြီး ချုပ်တွေ က ဝါရင့်သမ္ဘာရင့် အင်န်အယ်လ်ဒီ အမာခံတွေဖြစ်ပြီး တချို့ဝန်ကြီးချုပ်တွေက မနေ့တစ်နေ့ကမှ အင်န်အယ်လ်ဒီထဲ ရောက် လာကြသူတွေဖြစ်နေတာတွေ့ရတယ်။ စစ်စစ် ပေါက်ပေါက် လက်ချိုးရေကြည့် ရင် ပါတီအမာခံ က ခြောက်ယောက်လောက်ပဲပါတယ်။ အသက်အရွယ်တွေ ကြည့်ရင်တော့ အငယ်ဆုံးဝန်ကြီးချုပ်က ၃၇ နှစ်၊ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိ ဖြစ်ပြီး ဧရာဝတီတိုင်းဝန်ကြီး ချုပ်ဦးမန်းဂျော်နီက ၇၄နှစ်နဲ့ အသက်အကြီး ဆုံး ဖြစ်တယ်။
ပညာအရည်အချင်းတွေ ကြည့်ရင်တက္ကသိုလ်ဒုတိယနှစ်ကစပြီး ဆရာဝန်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့ရထားသူတွေပါတယ်။ ငယ်တဲ့ဝန်ကြီး ချုပ် တွေရဲ့ ပညာအရည်အချင်းကောင်းပြီး ဝန်ထမ်းလုပ်ခဲ့ ဖူးသူတွေဖြစ်တာလည်း တွေ့ရတယ်။ ပြောရရင် ဝန်ကြီးချုပ်လုပ်မယ့် သူတွေဟာ ဝါရင့်သမ္ဘာရင့် အတွေ့အကြုံရင့်ကျက်သူတွေပါသလို အတွေ့အကြုံအတော်အသင့်ရှိတဲ့ ပညာကောင်းပိုင် ဆိုင်ထားသူတွေ ပါဝင်တာတွေ့ရတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့လို ၆ဝ ကျော် ၇ဝ တန်း တွေမများဘဲ လူငယ်ခြေတက်တွေလည်း ပါလာ တာ တွေ့ရတယ်လို့ပဲပြောရမယ်။ အင်န်အယ်လ်ဒီ ရပ်ဝန်းက ထွက်ပေါ် ခဲ့တဲ့ သတင်းတွေအရ အခုဝန်ကြီးချုပ်ဖြစ် လာမယ့်လူသစ်တွေ ကိုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်တွေ့ဆုံစကားပြောပြီးမှ ခန့်ခဲ့တာဖြစ်ပါတယ်။
အခုလို အင်န်အယ်လ်ဒီကတင်တဲ့ ဝန်ကြီးချုပ် အမည်စာရင်းတွေထွက်ပေါ်မ လာခင်ကတည်းက တောင်းဆိုသံကန့်ကွက်သံတညံညံကြားခဲ့ရတဲ့ ပြည်နယ်နှစ်ခုက တော့ အင်န်အယ်လ်ဒီ အပြတ် အသတ်မနိုင်ခဲ့တဲ့ ရှမ်းနဲ့ ရခိုင်တို့ပဲဖြစ်တယ်။ ရှမ်းမှာကြံ့ခိုင်ရေးကအများစုနိုင်ထားပြီး ရခိုင်မှာ ရခိုင်ပါတီကအမတ်အများစုအနိုင်ရထားတယ်။ ရှမ်းနဲ့ရခိုင်ပါ တီနှစ် ခု စလုံးက သူတို့ပါတီ ကိုယ်စားလှယ်တွေကို ဝန်ကြီးချု ပ်ခန့်ဖို့တောင်း ဆိုခဲ့ကြပြီး အင်န်အယ်လ်ဒီကလည်း သူ့ကိုယ်စားလှယ်ပဲသူ ခန့်ခဲ့တယ်။ ဒီမှာတင်ရှမ်းနဲ့ရခိုင်ပါတီနှစ်ခုစလုံးက အင်န်အယ်လ် ဒီဖွဲ့မယ့် ပြည်နယ် အစိုးရမှာ သူတို့ကိုယ်စားလှယ်တွေ မပါတော့ဘူးလို့ငြင်းကြတယ်။ ရခိုင်ပါတီကဆို ပါလီမန်ထဲမှာ အတိုက်အခံအနေနဲ့ပဲနေ မယ်လို့သတင်း ထုတ်တယ်။ မတ်လ၂၈ရက် ပါလီမန်ထဲ အင်န် အယ်လ်ဒီ ဝန်ကြီးချုပ်အမည်စာရင်းတင်တော့ ရခိုင်အမတ် ၁၉ ဦး လွှတ်တော်ထဲကထထွက်သွားခဲ့ကြတယ်။ နှစ်ပေါင်း ၅ဝ ဆိုတဲ့ကာလအတွင်း မြန်မာပြည်ကဒေသဆိုင်ရာ လွှတ် တော်တစ် ခုမှာ ပါလီမန်အမတ်တွေထထွက်သွားကြတယ် ဆိုတဲ့သတင်းပထမ ဆုံးကြားဖူးခြင်းဖြစ်ပြီး လွှတ်တော်တွေ အသက်ဝင်လာတော့မယ့် လက္ခဏာတွေလို့ မြင်တယ်။
ပါတီ ဝါဒ၊ ဝါရင့်ဝါနု၊ အသက်ကြီး အသက်ငယ်၊ ပညာကောင်း ပညာနည်းစတဲ့အချက်တွေနဲ့ ခွဲခြမ်းစိတ် ဖြာပြီး ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေကို လတ်တလော အကဲဖြတ်ဖို့ စောသေးသလို ကန့်ကွက်တာ၊ ထောက်ခံ တာတွေလုပ်ဖို့လဲစောပါသေးတယ်။ တိုင်းရင်းသားဖြစ် ခြင်း မဖြစ်ခြင်းဆိုတဲ့ပေတံနဲ့တိုင်းဖို့လဲခက်ပါသေးတယ်။ ဒီဝန်ကြီးချုပ်တွေဟာ ဗဟိုအစိုးရနဲ့ ဘယ်လိုအချိတ် အဆက် မိမိ၊ ကစားကွက်မိမိ လှုပ်ရှားလုပ်ဆောင်ကစားပြသွားကြ မလဲ၊
တစ်ဦးချင်းအရည်အချင်းဘယ်လောက်ရှိလဲ၊ လူငယ် ခြေတက်တွေလည်းအသင်းက ဝါရင့်ကစားသမားတွေနည်းတူ သို့မဟုတ် သာလွန်တဲ့ခြေစွမ်းမျိုးပြသသွား နိုင်မှာလား၊ စောင့်ကြည့်ဖို့ လိုပါသေးတယ်။ အနည်းဆုံး အင်န်အယ်လ်ဒီပြောနေတဲ့ ရက် ၁ဝဝ လောက် စောင့် ကြည့်ကြရပါဦးမယ်။ သိပ်မကြာသေးခင်ကပဲ မြန်မာ ဘောလုံးပရိသတ်ကြိုက်တဲ့ အင်္ဂလန်နဲ့ နာမည်ကြီး ဂျာမနီတို့ ခြေစမ်းပွဲကစားတော့ နှစ်သင်းစလုံးမှာလူငယ်ခြေ တက်အများစုပါဝင်ကစားခဲ့ပြီး အဲ့ဒီလူငယ်ခြေတက် တွေအစွမ်းနဲ့ပဲ ပရိသတ်သဘောကျတဲ့ ဘောပွဲရသဖန် တီးပြနိုင်ခဲ့ကြတာတွေ့ ခဲ့ရပါတယ်။ မြန်မာပရိသတ် အောင်ပွဲရစေချင်တဲ့ မြန်မာဘောလုံးအသင်းကို အားပေးသလိုမျိုး ပြည်နယ်တိုင်း အစိုးရအဖွဲ့တွေကိုလည်း စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့် အားပေးကြဖို့လို မယ်။ ။
Credit To >>> Democracy Today

No comments:

Post a Comment