နိုင်ငံတော် သမ္မတအသစ် ဖြစ်လာမည့် ဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ပြည်သူလူထု ဆန္ဒနှင့်အညီ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကို NLD အစိုးရသစ်က ကိုင်တွယ်ဖြေရှင်းမည့် ကိစ္စရပ်များအပေါ် The Voiceက မေးမြန်းရာတွင် ၄င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
“ကျွန်တော်တို့ပြောပြီးသားပဲ။ ပြည်သူကို အလေးထားတယ် ပြည်သူတွေ လိုလားတောင့်တနေတဲ့ အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်သွားမှာပဲ။ ပြည်သူ့ဘက်ကို မျက်နှာမူမယ်ဆိုတာက NLD ရဲ့မူဝါဒပဲလေ။ ပြည်သူကိုမျက်နှာမူပြီး တိုင်းပြည်နဲ့ နိုင်ငံ ကောင်းတာပဲလုပ်မယ် ”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
သမ္မတဦးသိန်းစိန် လက်ထက်တွင် ယာယီဆိုင်းငံ့ခဲ့သော မြစ်ဆုံစီမံကိန်းကို အစိုးရသစ်လက်ထက်တွင် ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ သံအမတ် Mr.Hong Liang က မတ်လ ပထမပတ်အတွင်း ပြောဆိုခဲ့သည်။
ယင်းသို့ပြောဆိုမှုအပေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများက ဝေဖန်လျက် ရှိသည်။
ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Weng Yi ကလည်း သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းကို လည်း လာမည့်အစိုးရသစ်လက်ထက်တွင် နှစ်နိုင်ငံပူးပေါင်းကာ သင့်လျော်သလို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုထားသည်။
တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI)နှင့် အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့ အကြား ဧရာဝတီမြစ်အတွင်း ရေကာတာ စီမံကိန်းများ အကောင်အထည်ဖော်ရန် နားလည်မှု စာချွန်လွှာကို ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလက သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ သဘောတူစာချုပ်တွင် ပါဝင်သော ဆည်ခုနစ်ခုအနက် ကချင်ပြည်နယ်အတွင်းရှိ မေခနှင့် မလိခ မြစ်နှစ်စင်း ဆုံရာတွင် တည်ဆောက်မည့် ရေးအားလျှပ်စစ် စီမံကိန်းသည် အကြီးမားဆုံးဖြစ်ကာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ကုန်ကျမည်ဖြစ်သည်။
သို့သော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်း ကို ပြည်သူလူထုက ကန့်ကွက်သောကြောင့် ယင်း စီမံကိန်းကို အစိုးရသက်တမ်း ကုန်ဆုံးချိန်အထိ ရပ်ဆိုင်းထားမည်ဟု ၂ဝ၁၁ ခုနှစ် စက်တင်ဘာလအတွင်း အစိုးရက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့အကြောင်းကြားခဲ့သည်။
Credit To >>> The Voice Weekly
No comments:
Post a Comment