နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက စာပေးပို့ တောင်းဆိုထားကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း ဧပြီလအတွင်းက စာရေးသားပေးပို့၍ တောင်းဆိုထားပြီး လက်ရှိအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ကတော့ တွေ့ဆုံဖို့ တောင်းဆိုထားတာပေါ့။ သူတို့ဘက်ကတော့ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး၊ စာရေးပြီးတော့ တောင်းဆိုထားတာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အစိုးရသစ်မှ ပြန်လည်ဖွဲ့စည်းမည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ပါက တောင်းဆိုဆွေးနွေးမည့် အချက်များ၊ ဖက်ဒရယ်နှင့် ပတ်သတ်သည့် ကိစ္စရပ်များကို တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်း ကြိုတင်ညှိနှိုင်း နေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် NCA ကို လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က အစိုးရသစ်နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ (EAO-PPST) ကိုလည်း ဖွဲ့စည်းထားသည်။
အဆိုပါ EAO-PPST အဖွဲ့တွင် ပါဝင်သော အင်အားကြီး အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့က ဧပြီလနောက်ဆုံးအပတ်အတွင်း ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးထားသည်။
Credit To >>> The Voice Weekly
No comments:
Post a Comment