Pages

22.5.16

ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ် မြို့နယ်များ၏ အနာဂတ်ကာလ ရေပေးဝေရေး၊ ရေဆိုး သန့်စင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများအတွက် JICA အကူအညီဖြင့် ပင်မစီမံချက် ရေးဆွဲနေ


ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်တွင် ပါဝင်သော မြို့နယ်များ၏ အနာဂတ်ကာလ ရေပေးဝေရေး လုပ်ငန်း၊ ရေဆိုး သန့်စင်ခြင်း လုပ်ငန်းနှင့် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA အကူအညီဖြင့် Master Plan ရေးဆွဲနေကြောင်း မေ ၂၀ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။
ထိုသို့ ရေးဆွဲ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့၏ ရေပေးဝေရေး စီမံကိန်း လုပ်ငန်းများ၌ ၂၀၄၀ ပြည့်နှစ်တွင် တိုးလာမည့် လူဦးရေနှင့် အညီ ကောင်းမွန် ပြည့်စုံရန် ဇုန်နေရာ ၁၀ ခု ခွဲခြား သတ်မှတ်ပြီး ဇုန်အလိုက်၊ အကွက်အလိုက် ရေစုကန်နှင့် ရေတွန်းစက်ရုံများ တည်ဆောက်ခြင်း၊ ရေမီတာ စနစ်တကျ တပ်ဆင်ပြီး ရေအလေအလွင့် ဆုံးရှုံးမှု စောင့်ကြည့်ထိန်းချုပ်ရေး စနစ်များ တပ်ဆင်ခြင်း၊ သတင်းအချက်အလက် ရယူ ထိန်းချုပ်သည့် နည်းစနစ် တည်ဆောက်ခြင်း၊ ရေဖြန့်ဖြူးရေး ပိုက်လိုင်းများ တည်ဆောက်ခြင်း စသည့် အနာဂတ်တွင် ကိုက်ညီမည့် ခေတ်မီရေဖြန့်ဖြူးရေး ကွန်ရက်တစ်ခု တည်ဆောက်ရန် ရေးဆွဲလျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန်က ဆက်လက် ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့နေ လူဦးရေ အားလုံး၏ ရာခိုင်နှုန်း ၆၀ ခန့်ကိုသာ တစ်နေ့လျှင် ရေဂါလန် ၂၀၅ သန်း ရေပေးဝေလျက် ရှိကြောင်း၊ ရန်ကုန်မြို့ရှိ မြို့နယ်အားလုံးတွင် ရေပေးဝေနိုင်ရန်အတွက် ရေရှိနိုင်မည့် ရေအရင်းအမြစ် အသစ်များ ရှာဖွေခဲ့ရာ လဂွန်းပြင် ရေလှောင်တမံမှ တစ်ရက်လျှင် ရေဂါလန် သန်း ၄၀ ပေးဝေမည့် စီမံကိန်းကို လုပ်ဆောင်နေကြာင်း၊ အလားတူ ကုက္ကိုဝမြစ်မှ တစ်ရက်လျှင် ရေဂါလန် သန်း ၂၄၀ ထုတ်ယူ သုံးစွဲနိုင်ရန်လည်း စီစဉ်နေပြီး ပထမအဆင့် အနေဖြင့် သန်း ၆၀၊ ဒုတိယအဆင့် အနေဖြင့် သန်း ၆၀ နှင့် တတိယအဆင့် အနေဖြင့် သန်း ၁၂၀ ထုတ်ယူ သုံးစွဲနိုင်ရန် စီမံကိန်းများ ရေးဆွဲခဲ့ပြီး ယင်းအတွက် အကြို အင်ဂျင်နီယာ လုပ်ငန်းများ လုပ်ဆောင်နေကာ ဂျပန် အစိုးရ၏ ချေးငွေ ရရှိရေးကိုလည်း လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

Credit To>>>Eleven Media Group

No comments:

Post a Comment