Pages

4.5.16

နိုင်ငံ့အကြီးအကဲများကို မဖွယ်မရာပုံနှင့်ဆဲဆိုစာများ ရေးသားဖော်ပြသည့် Nay Myo Wai အကောင့်ပိုင်ရှင်ကို ကန်ကြီးထောင့်မြို့မရဲစခန်းတွင် အမှုဖွင့်

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်/ချုပ်နှင့် NLDပါတီ တို့ကို မဖွယ်မရာပုံနှင့် ဆဲဆိုစာများ ရေးသားဖော်ပြခဲ့သည့် လူမှုကွန်ရက် စာမျက်နှာမှ Nay Myo Wai အကောင့်ပိုင်ရှင်ကို ဧရာဝတီတိုင်း ကန်ကြီးထောင့် မြို့မရဲစခန်းတွင် ကန်ကြီးထောင့်မြို့နေ ဦးဝေယံအောင် က မေလ ၃ ရက် နံနက် ၁ နာရီခန့် အမှုဖွင့်ခဲ့ကြောင်း ကန်ကြီးထောင့်ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါအကောင့်က လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်နှင့် NLD ပါတီတို့ကို ဧပြီလ ၂၅ ရက်မှ ၃၀ ရက်အတွင်း သီးခြားစာများ တင်ကာ ဆဲဆိုစော်ကားခြင်း၊ ပြည်ထောင်စုပြိုကွဲရေး သွေးထိုးလှုံ့ဆော်စာများတင်ခြင်းကို ပြုလုပ်ခဲ့သဖြင့် အမှုဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်း အမှုဖွင့်လှစ်ခဲ့ သူ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာများအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဝေယံအောင်က ပြောကြားသည်။
“အမှုမှာ တရားလိုကို စစ်ဆေးပြီးပါပြီ။ သက်သေတွေကို ဆက်လက် စစ်ဆေးမယ် ပေါ့နော်၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ တရားခံကို အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့တော့ သိရပါတယ်။ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ အမှုဖွင့်ခဲ့တာပါ။ ဘယ်ပါတီ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းရဲ့ အတင်းအဓမ္မခိုင်းစေမှု၊ သွေးဆောင်ဖြားယောင်းမှုတွေ မပါပါဘူး” ဟု ၎င်းက ဆိုသည်။
အမှုဖွင့်လှစ်ခံရသူမှာ Nay Myo Wai အကောင့်ပိုင်ရှင် ဖြစ်ကြောင်း၊ တရားလိုကိုစစ်ဆေးပြီးဖြစ်၍ သက်သေများ ကို ဆက်လက် စစ်ဆေးနေကြောင်း၊ အမှုတွဲ တည်ဆောက်ပြီးပါက တရားခံဖမ်းဆီးရမိရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကန်ကြီးထောင့်မြို့မ ရဲတပ်ဖွဲ့စခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်သိန်းလွင်က ရှင်းပြသည်။
“ကျွန်တော်တို့အကောင့်ထဲမှာ သူတင်ထားတာတွေရှိတယ်။ သူ့အကောင့်ကို Nay MyoWai. Peace and Diversity Party Myanmar လို့လည်း နာမည်ရေးထားတယ်။ တိုင်းပြည်ဆူပူအောင်လှုံ့ဆော်တဲ့ ရေးသား ချက်တွေရဲ့ အောက်မှာလည်း နိုင်ငံရေးသစ္စာဖြင့်ဆိုပြီး သူရဲ့ပါတီလိပ်စာ၊ ဖုန်းနံပါတ်တွေကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ရေးပေးထား တာတွေ့ရပါတယ်” ဟု အဆိုပါအမှုတွင် သက်သေအဖြစ်တင်ပြခံရ သည့် ဦးအာကာအောင်က ဆိုသည်။
အဆိုပါအမှုကို ကန်ကြီးဒေါင့်မြို့မရဲစခန်းက(ပ)၉၀/၂၀၁၆၊ အီလက်ထရော နစ်နှင့်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ-၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း အဆိုပါစခန်းထံမှသိရသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလခန့်ကလည်း ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ယခုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)၏ ဓာတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာများတွင် Thu Thu အကောင့်ဖြင့် မဖွယ်မရာလုပ်ကာ ညစ်ညမ်းစာရေးသား ဖော်ပြခဲ့မှု ကြောင့် ယင်းပုဒ်မနှင့် အမှုဖွင့်လှစ်ခံခဲ့ရပြီး တရားရုံးက ထောင်ဒဏ် ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သော အမှုဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးသည်။
Credit To >>> The Voice Weekly

No comments:

Post a Comment