
ဖျာပုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ တားမြစ်မှုကြောင့် ဒေါ်အေးဆိုင် (စွမ်းပြည့်စုံကုမ္ပဏီ)မှ ၂ဝ၁၆ ခုနှစ် မေ ၁၆ ရက်တွင် လုပ်ငန်းများ ရပ်ဆိုင်းထားပြီး အဆိုပါ မြေပေါ်မှ ကဏန်းပျော့မွေးမြူခြင်းနှင့် မျှင်ပုစွန် အခြောက်စက်ရုံ တည်ဆောက်ရန် ပြင်ဆင်ထားသည့် ဆက်စပ်ပစ္စည်းများနှင့် အဆောက်အအုံများကို ၂ဝ၁၆ ခုနှစ် ဇွန် ၂ဝ ရက် နောက်ဆုံးထား ဖယ်ရှားရှင်းလင်းရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂ဝ၁၆ ခုနှစ် ဇွန် ၆ ရက်တွင် အကြောင်းကြားထားပါကြောင်း၊ လိုက်နာမှုမရှိပါက ဖျာပုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ ၂ဝ၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ အရ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ယနေ့အစည်းအဝေးတွင် ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးသိမ်းဆွေ၏ ဖျာပုံမြို့နယ် နောက်မီးကျေးရွာအုပ်စုတွင် လယ်ယာမြေများကို ဖျက်ဆီးပြီး တရားမဝင် ကဏန်းမွေးမြူရေး လုပ်ငန်းကြောင့် ပင်လယ်ရေဝင်ပြီး လယ်သမားများ၏ စပါးသီးနှံများ ပျက်စီးဆုံးရှုံးမှုကို ထိရောက်သော ဟန့်တားဆောင်ရွက်မှုများပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဦးသိမ်းဆွေက အဆိုပါလုပ်ငန်းခွင်အတွင်း တရားမဝင်လာရောက် လုပ်ကိုင်သည့် နိုင်ငံခြားသားနှစ်ဦးကို ဥပဒေနှင့်အညီ ထပ်မံဖမ်းမိထားသည်ကို မည်သို့စီမံဆောင်ရွက်သွားမည်ကိုသိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ထပ်မံတွေ့ရှိ ရသည့် နိုင်ငံခြားသားနှစ်ဦးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် အညီဆက်လက် စိစစ်အရေးယူနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
Credit To >>> The Mirror Daily
No comments:
Post a Comment