Pages

22.6.16

စစ်ဘေးသင့်ဒေသသို့ သွားရောက်မည့် ကုလအထူးကိုယ်စားလှယ်ခရီးစဉ် အစိုးရခွင့်မပြု


ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများရှိ စစ်ဘေးသင့် ဒေသများသို့ သွားရောက်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ၏ ခရီးစဉ်ကို အစိုးရက လုံခြုံရေးအရ စိတ်ချမှုမရှိဟုဆိုကာ ခွင့်မပြုကြောင်း မစ္စယန်ဟီးလီက ပြောကြားသည်။ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ UNDP ရုံးတွင် မစ္စယန်ဟီးလီနှင့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံရာတွင် မစ္စယန်ဟီးလီက ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း ရှမ်းလူငယ်ကွန်ရက် (ရန်ကုန်) မှ ကိုစိုင်းအောင်မြင့်ဦးက ဆိုသည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသော ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲနှင့် ကွတ်ခိုင်မြို့နယ်များသို့ သွားရောက်ခွင့်ကို ခွင့်မပြုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“သူ (မစ္စယန်ဟီးလီ) သွားချင်တဲ့ ရှမ်းပြည်နယ်က ကျောက်မဲ၊ ကွတ်ခိုင်မြို့တွေကို အစိုးရက လုံခြုံရေး အကြောင်းပြချက်နဲ့ သွားခွင့်မပေးဘူး။ လားရှိုးကို သွားခွင့်ရဖို့ ညှိနှိုင်းနေရတယ်လို့ ဒီကနေ့ ပြောသွားတယ်”ဟု ဆိုသည်။

သို့သော်လည်း မစ္စယန်ဟီးလီ သွားလိုသည့် နေရာများအနက်မှ ကချင်ပြည်နယ်တွင် မြစ်ကြီးနားနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လားရှိုးမြို့နယ်များထိ သွားရောက်ခွင့်ပြု ထားပေးပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက ပြောကြားသည်။

ထို့အပြင် မြေပြင်လုံခြုံရေးအရ စိတ်ချရခြင်း မရှိသည့် ဒေသများကို သွားရောက်ခွင့်ပြုရန် ကိစ္စရပ်များကိုမူ ပြည်ထဲရေးနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“သူသွားချင်တယ်လို့ အဆိုပြုထားတဲ့ နေရာတွေ အားလုံးကို လုံခြုံရေး အခြေအနေအရ ခွင့်ပြုနိုင်ချင်မှ ခွင့်ပြုနိုင်မှာပေါ့”ဟု ၎င်းကဆိုသည်။

သို့သော်လည်း ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်တစ်ဦး၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လေ့လာမည့် ခရီးစဉ်ကို သက်ဆိုင်ရာ အစိုးရအနေနှင့် လုံခြုံရေး အပြည့်အဝပေးရန် လိုအပ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းက မှတ်ချက်ပြုသည်။

“လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အရာရှိတစ်ယောက်က ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နေရာတွေကို သွားလာဖို့ လိုအပ်ပါတယ်။ မလိုအပ်ဘဲ လုံခြုံရေး အကြောင်းပြချက် ပေးတာတော့ တိုင်းပြည်အတွက် နစ်နာပါတယ်”ဟု ၎င်းက ဆိုသည်။

မစ္စယန်ဟီးလီသည် ဇွန်လ ၁၉ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံထားသည်။

ထို့အပြင် ဇွန်လ ၂၁ ရက်နေ့တွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) အပါအဝင် ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံထားကာ ဇွန်လ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

Credit To >>> The Voice Weekly

No comments:

Post a Comment