Pages

18.7.16

တစ်နေ့လုပ်အားခယွမ်ငွေ(၁၀၀)ကျပ်ဖြင့် ဖုန်းနားကြပ်ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်လုပ်ရမည်ဟု ယုံကြည်အောင်ပြောဆို၍ မြန်မာငွေကျပ်သိန်း(၃၀)ဖြင့်ရောင်းစားခံရသည့် လူကုန်ကူးခံရမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မင်းခေါင်းမြောက်ကျေးရွာအုပ်စု၊ စမ်းပွင့်ကျေးရွာတွင် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့ကလူကုန်ကူးခံရမှုဖြစ်ပွားခဲ့ရာတရားလို ဒေါ်တင်အေး၊စမ်းပွင့်ကျေးရွာနေသူမှ ဇူလိုင်လ(၁၅)ရက်နေ့ တွင် ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဧပြီလ(၂၅)ရက်နေ့ ညနေ(၇)နာရီအချိန်ခန့်တွင် တရားလိုဖြစ်သူ ဒေါ်တင်အေးသည် စမ်းပွင့် ကျေးရွာရှိမိမိ၏နေအိမ်တွင်ရှိနေစဉ်၊ အောင်ချမ်းသာကျေးရွာနေ ဦးဝင်းနိုင်၊ မ၀ါဝါခိုင်နှင့်် နန့်အွန်ကျေးရွာ၊မူဆယ်မြို့နယ်နေသူ မအီသွယ်နှင့် မောင်အကျောက်တို့ ရောက်ရှိလာပြီး၊ ဒေါ်တင်အေး၏သမီးဖြစ်သူ မသူဇာနွဲ့၊ အသက်(၁၈)နှစ်(ဘ)ဦးအောင် သိုက်အား တရုတ်နိုင်ငံတွင် တစ်နေ့လျှင် ယွမ်ငွေ(၁၀၀)ကျပ်ဖြင့် ဖုန်းနားကြပ်ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်လုပ်ကိုင်ရ မည်ဟု ယုံကြည်အောင် လိမ်လည်ပြောဆို၍ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
၎င်းနောက် လွန်ခဲ့သော (၁၀)ရက်ခန့်က မိခင်ဖြစ်သူ ဒေါ်တင်အေးမှ ရာအိမ်မှူး ဦးငြိမ်းမောင်၏နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူ သူဇာနွဲ့ထံသို့ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ၊ ၄င်းအား မအီသွယ်နှင့် မောင်အကျောက်တို့က တရုတ် အမျိုးသားတစ်ဦးထံတွင် မြန်မာငွေကျပ် သိန်း(၃၀)ဖြင့် ရောင်းစားခံခဲ့ရ ကြောင်းသိရှိရသဖြင့် ဦးဝင်းနိုင်၊ မ၀ါဝါခိုင်၊ မအီသွယ်နှင့်မောင်အကျောက်တို့အားဥပဒေအရ အရေးယူပေးပါရန် ဇူလိုင်(၁၅) ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းမှ ၀င်းနိုင်(၄၈)နှစ်၊ (ဘ) ဦးညွန့်အောင်၊ အောင်ချမ်းသာကျေးရွာနေသူနှင့် မ၀ါဝါခိုင်(၂၄)နှစ်(ဘ)ဦးဝင်းနိုင်၊အောင်ချမ်းသာကျေးရွာနေသူတို့နှစ်ဦးအား၊(ပ)၃၇/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈ အရ အရေးယူဆောင်ရွက်ထားရှိပြီး၊ တရုပ်ပြည်တွင် ရောက်ရှိနေသော မသူဇာနွဲ့အား ကယ်တင်နိုင်ရေးနှင့်နန့်အွမ်ကျေးရွာ မူဆယ်မြို့နေသူ မအီသွယ်နှင့်မောင်အကျောက်တို့အား ဖမ်းဆီးရမိရေး မူဆယ်မြို့လူကုန်ကူးမှုတားဆီးကာကွယရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Credit To >>> The Mirror Daily

No comments:

Post a Comment