Pages

7.7.16

ပြဿနာတွေရင်ဆိုင်နေရတဲ့ ဗြိတိန် Brexit ကြားမှ ရုရှတို့ အကျိုးအမြတ်ရရှိ


ဥရောပသမဂ္ဂ-အီးယူကနေ ထွက်ဖို့ ဗြိတိန်တို့မဲပေးဆုံးဖြတ်ခဲ့တဲ့နောက်ပိုင်း ရုရှ နိုင်ငံအတွက် စီးပွားရေးအရ 
အခွင့်အလမ်းတွေရဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အီးယူအဖွဲ့ကြီးကို အားနည်းသွားစေပြီး အဖွဲ့အတွင်း တင်းမာမှုအသစ်တွေ ပေါ်ပေါက်လာနိုင်စရာ ရှိတဲ့ Brexit ကြောင့် ရုရှတို့အတွက်ကတော့ အကျိုးရှိလာနိုင်စရာတွေ ရရှိဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
လက်တစ်လောအချိန်မှာ Brexit ရဲ့ ဂယက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘဏ္ဍာရေးမတည်မငြိမ်မှုတွေကနေတဆင့် ရုရှတို့အတွက် စီးပွားရေးရာ ထိခိုက်မှုတွေ ရှိလာနိုင်သော်ငြားလည်း မော်စကိုအစိုးရအပေါ်မှာ ထားတဲ့ ရပ်တည်မှုပိုင်းမှာ အီးယူအဖွဲ့တွင်း နိုင်ငံတွေအကြား နိုင်ငံရေးအရ သွေးကွဲသွားနိုင်ချေရှိနေတာက ရုရှတို့ရဲ့စီးပွားရေးပိုင်းမှာ ထိခိုက်ခံစားနေရတာတွေကို သက်သာလျော့ပါးသွားစေနိုင်တယ်လို့ သိရပါတယ်။
လောလောဆယ်မှာတော့ ရုရှတို့အနေနဲ့ Brexit နောက်ပိုင်း ရေနံဈေးနှုန်းပိုင်းနဲ့ စတော့ရှယ်ယာပိုင်းမှာ ထိခိုက်ဆုံးရှုံးမှုတွနဲ့တော့ ရင်ဆိုင်ရစရာရှိနေပါတယ်။

" ရုရှ ဘက်က ကြည့်မယ်ဆိုရင်တော့ Brexit ကြောင့် ဥရောပဒေသကကျန်နိုင်ငံတွေနဲ့ ရုရှအကြား စီးပွားရေးအရ ဆက်ဆံမှုတွေလုပ်ဖို့ ပိုမိုလွယ်ကူစေနိုင်တာကို တွေ့နိုင်ပါလိမ့်မယ်" လို့ မော်စကိုအခြေစိုက် နိုင်ငံရေး၊စီးပွားရေးအကြံပေးအဖွဲ့တစ်ခုက တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Alexander Baunov က သုံးသပ်ပြောကြားသွားပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာဆိုရင် ယူကရိန်းအရေးနဲ့ပတ်သက်လို့ ရုရှတို့အပေါ် အီးယူအဖွဲ့က အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်တာထားကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက်တွေနဲ့ ချိတ်ဆက်တာ၊ စွမ်းအင်နဲ့ စစ်ဘက်နည်းပညာပိုင်းမှာ လွှဲပြောင်းလုပ်ဆောင်တာတွေအပေါ်မှာပိတ်ပင်ခံထားရပါတယ်။

အလားတူ ယင်းနိုင်ငံအပေါ် ပိတ်ဆို့မှုကို အီးယူအဖွဲ့က လာမယ့် ၂၀၁၇ဖေဖော်ဝါရီလအထိ ထပ်မံသက်တမ်းတိုးခဲ့တာကိုလည်း တွေ့နိုင်ပါတယ်။ တစ်ဘက်မှာလည်း ရုရှတို့ဘက်က အနောက်နိုင်ငံတွေရဲ့ စားသောက်ကုန်တင်ပို့မှုကို ပြန်လည်လက်တုန့်ပြန်ပြီး ပိတ်ဆို့ထားခဲ့တာကြောင့်

အီးယူနိုင်ငံအများစု အထိနာခဲ့ရပြီဖြစ်ပါတယ်။ယင်းအတွက်ကြောင့်လည်း အီတလီ၊ ဂရိ၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား
တို့အပါအ၀င် အီးယူနိုင်ငံတစ်ချို့က ဆန်ရှင်တွေချမှတ်နေရတာနဲ့ပတ်သက်လို့ စိတ်မရှည်တော့တဲ့ အရိပ်အယောင်တွေကိုပြသခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း တစ်ဘက်မှာလည်း ရုရှအပေါ် ဆက်လက်ပိတ်ဆို့ထားချင်တဲ့ ဘောလ်တစ်နိုင်ငံတွေ၊ ပိုလန်နဲ့ ဗြိတိန်တို့နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးတော့ ယခုအချိန်မှာတော့ ဗြိတိန်ရဲ့ နှုတ်ထွက်မှုက ရုရှအပေါ် ပိတ်ဆို့ထားဖို့ ထောက်ခံထားတဲ့အုပ်စုဘက်ကို အားလျော့သွားစေတာကြောင့် ရုရှတို့အတွက် အခွင့်အလမ်းတွေ ရလာနိုင်စရာ ရှိနေတယ်လို့ သိရပါတယ်။

Credit To >>>SFJ Strategy First Journal 

No comments:

Post a Comment