''မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေထဲမှာ ၉ဝ ရာခိုင်နှုန်းကျော်က SME လုပ်ငန်းတွေဖြစ်တယ်။ ငွေချေးချင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အပေါင် ပစ္စည်းရှိရင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးပေးမှာဖြစ်ပါတယ်။ အပေါင်ပစ္စည်းမရှိရင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းအပြင် ၂ ဒသမ ၅ ရာခိုင်နှုန်း ထပ်တိုးပေးဆောင်ရမှာဖြစ်ပါတယ်။ အာမခံတင်ပြမယ့်သူအနေနဲ့ အပေါင်ပစ္စည်း ခိုင်မာမှုရှိရပါမယ်။ အပေါင်ပစ္စည်း ခိုင်မာမှုမရှိရင်တော့ လုပ်ငန်းခိုင်မာမှု ရှိဖို့လိုပါတယ်''ဟု ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောသည်။
သြဂုတ် ၁၄ ရက်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ပြုလုပ်သည့် SME ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများဆီသို့ ဆွေးနွေးပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဘဏ်ခြောက်ခုမှာ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယင်းကဲ့သို့ ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ကာ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေများရယူနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ချေးငွေလျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် စက်တင်ဘာလ နောက်ဆုံးထားကာ သက်ဆိုင်ရာဌာနသို့ လျှောက်ထားနိုင်ကြောင်း၊ အဆိုပါ တင်ပြချက်များကို သက်ဆိုင်ရာမှ စစ်ဆေးပြီးပါက အမြန်ဆုံးထုတ်ချေးသွား မည်ဖြစ်ကြောင်း ဒေါ်အေးအေးဝင်းက ပြောသည်။
ယင်းကဲ့သို့ ငွေချေးရာတွင် အနည်းဆုံးကျပ်သိန်း ၁၅ဝ မှ အများဆုံး ကျပ်သိန်း ၅ဝဝဝ ထိ ချေးမည်ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးချေးငွေပုံစံမျိုးမဟုတ်ဘဲ ချေးငွေသက်တမ်းမှာ ငါးနှစ်ဖြစ်ကြောင်း သိရသည်။
''ပြည်တွင်းမှာရှိတဲ့ အသေးစား အလတ်စားလုပ်ငန်းရှင်တွေကို ငွေကြေး ထောက်ပံ့ပေးဖို့နဲ့ ငွေချေးမှာဖြစ်သလို ဒီစနစ်ကြောင့် ဘဏ်လုပ်ငန်းတွေကိုလည်း ဆုံးရှုံးမှုမရှိအောင် အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်'' ဟု မြန်မာ့အာမခံ လုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွင်ဦးက ပြောသည်။
ငွေချေးလိုသည့် SME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနများတွင် မှတ်ပုံတင်ထားပြီး လုပ်သက် နှစ်နှစ် ရှိရမည်ဖြစ်ကြောင်း၊ အောင်မြင်နိုင်သည့် အလားအလာရှိသော လုပ်ငန်းဖြစ်ရ မည်ဟု သတ်မှတ်ထားပြီး SME လုပ်ငန်းရှင်များအနေဖြင့် SME ဌာနမှ ဘဏ်သို့ လျှောက်ထား၍ အဆိုပါဘဏ်မှ ချေးငွေအာမခံ အထောက်အထားများကို မြန်မာ့အာမခံလုပ်ငန်းသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ယခု ဘဏ္ဍာနှစ်အတွင်း SMIDB Bank မှတစ်ဆင့် SME လုပ်ငန်းရှင် ၁၁ ဦးကို ငွေကျပ် ငါးဘီလီယံထုတ်ချေးခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်တွင် ချေးငွေကျပ် ၂ဝ ဘီလီယံကို SME လုပ်ငန်းရှင်များအား ထုတ်ချေးခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံမှ ODAအထောက်အပံ့ဖြင့် ရရှိခဲ့သည့် JICA Two- Step Loan တွင် Credit Guarantee Insurance (CGI) စနစ်ကို အသုံးပြုကာ SME လုပ်ငန်းရှင်များအနေဖြင့် ဘဏ်များမှတစ်ဆင့် ချေးငွေများ ချေးယူနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံရှိ SME လုပ်ငန်းများအတွက် အရေးကြီးဆုံးဖြစ်သည့် ငွေကြေး ကူညီထောက်ပံ့ပေးရန်အတွက် မြန်မာ့အာမခံလုပ်ငန်း၊ ဂျပန်နိုင်ငံ Sumitomo Mitsui Banking Corporation နှင့် CB Bank တို့ပူးပေါင်းကာ အဆိုပါ CGI စနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။
Credit To >>> The Mirror Daily
No comments:
Post a Comment