Pages

10.8.16

ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာသန်း ၁ဝဝ နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ခွဲဝေသုံးစွဲနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြ


မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ မျှော်မှန်းထားသည့် ရလဒ်များမှာ နိုင်ငံပိုင် ဘဏ်များပြုပြင်ပြောင်းလဲဖွဲ့စည်းခြင်းဖြင့် ဘဏ်လုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်မှုအတွက် အရည်အသွေး မြှင့်တင်တည်ဆောက် ရေး၊ ငွေရေးကြေးရေးဆိုင်ရာ အခြေခံအဆောက်အအုံ များကို ခေတ်ကာလအခြေအနေနှင့်အညီ အဆင့်မြှင့်တင် တည်ဆောက်ရေးနှင့် မြန်မာနိုင်ငံ၌ ငွေကြေးဝန်ဆောင်မှု နှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် လွယ်လင့်တကူနှင့် ကျယ်ကျယ်ပြန့်ပြန့်ရရှိရေးတို့ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောကြားသည်။

ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပသည့် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး စတုတ္ထနေ့ တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးစီမံ ကိန်း ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ချေးယူရေးနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် အဓိက အကြောင်းအရင်းများမှာ မြန်မာနိုင်ငံတွင် တရားဝင် ငွေကြေးဝန်ဆောင်မှုများကို အရွယ်ရောက်ပြီးသူဦးရေ၏ ၃ဝ ရာခိုင်နှုန်းသာ ရရှိခံစားနိုင်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆင်းရဲမှုလျှော့ချရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ချေးငွေအပါအဝင် ငွေကြေး ဝန်ဆောင်မှုများရရှိမှု အကန့်အသတ်များရှိနေခြင်း၊ ငွေရေး ကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး စွမ်းဆောင်နိုင်မှုကို မြင့်မားလာစေမည်ဖြစ်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဈေးကွက်အခြေပြုဘဏ်လုပ်ငန်း ဝန်ဆောင်မှုကဏ္ဍ ပေါ်ထွန်းလာခြင်းဖြင့် စီးပွားရေး တည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေခြင်း၊ အားလုံးပါဝင်ဆောင်ရွက်နိုင်မည့် ငွေရေး ကြေးရေးကဏ္ဍဝန်ဆောင်မှုအစီအစဉ်အတွက် အထောက် အပံ့ပြုနိုင်ခြင်းစသည်တို့ ဖြစ်ပါကြောင်း။
ချေးငွေဆိုင်ရာ သဘောတူညီချက်များမှာ ချေးငွေ သက်တမ်း ၃၈ နှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလခြောက်နှစ်နှင့် ပြန်ဆပ်ကာလ ၃၂ နှစ်ဖြစ်ပါကြောင်း၊ အတိုးမဲ့ချေးငွေဖြစ်ပြီး ဝန်ဆောင်ခအဖြစ် တစ်နှစ်လျှင် သုည ဒသမ ၇၅ ရာခိုင်နှုန်း၊ ကတိခံကြေးကို ကမ္ဘာ့ဘဏ် (IDA Board)အဖွဲ့၏ ဆုံးဖြတ်ချက်အရ ပေးရန်ရှိလာပါက သုည ဒသမ ၅ ရာခိုင် နှုန်းထက်မပိုသောနှုန်းကိုပေးရန် သတ်မှတ်ထားသည်ဟု သိရပါကြောင်း၊ ချေးငွေထုတ်ယူချိန်မှစ၍ ဆိုင်းငံ့ကာလ အတွင်း ဝန်ဆောင်ခကိုလည်းကောင်း၊ ဆိုင်းငံ့ကာလ ကုန် ဆုံးပြီးချိန်မှစ၍ ဝန်ဆောင်ခနှင့် အရင်းပြန်ဆပ်ငွေကို လည်းကောင်း တစ်နှစ်လျှင် နှစ်ကြိမ်ပေးဆပ်ရမည်ဖြစ်ပါ ကြောင်း။
အဆိုပါချေးငွေကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ၇၅ သန်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၅ သန်း သုံးစွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ထို့ပြင် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်း နယ်ပယ်ငါးခုရှိပါကြောင်း၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်များအနက် လုပ်ငန်းတိုးချဲ့ရန် သာမန် အသုံးစရိတ်၊ လက်ရှိသုံးစွဲနေသည့် ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ ပင်စင်စသည်တို့အတွက် နိုင်ငံတော်က ကျခံ သုံးစွဲနေရသည့် အခြေအနေကို အထောက်အကူပြုသည့် (Budget Support) အဖြစ် သုံးစွဲရန် အမေရိကန်ဒေါ်လာ သန်း ၆ဝ၊ နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲတည်ဆောက် ရန် ပြင်ဆင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၇ သန်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ၊ အာမခံ လုပ်ငန်းကြီးကြပ်ကွပ်ကဲမှု အဆင့်မြှင့်တင်ခြင်းနှင့်IT စနစ်တည်ဆောက်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၅ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်တည်ဆောက်ခြင်းအတွက် အမေ ရိကန်ဒေါ်လာ ၃ သန်း သုံးစွဲအကောင်အထည်ဖော်ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း။
ထို့အတူ အဆိုပါအမေရိကန်ဒေါ်လာသန်း ၆ဝ ကို နှစ်အလိုက် ချေးငွေထုတ်ယူသုံးစွဲနိုင်မည့်ပမာဏ လျာထား ချက်မှာ ၂ဝ၁၇ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ သန်း ၂ဝ၊ ၂ဝ၁၈ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း၊ ၂ဝ၁၉ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁ဝ သန်း၊ ၂ဝ၂ဝ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းတို့ ဖြစ်ပါကြောင်း။
၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ပုဒ်မ ၁ဝ တွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် လုပ်ငန်း စီမံကိန်းတစ်ရပ်ရပ်အတွက် ပြည်ထောင်စုအစိုးရဌာန တစ်ခုခုအား ပြည်ပမှ ချေးယူခွင့်ပြုနိုင်သည်။ ပြည်ပမှ ရရှိသော ချေးငွေများကို နိုင်ငံတော်နှင့် အကျိုးတူဆောင် ရွက်နေသော လုပ်ငန်းများသို့ သင့်လျော်သည့် စည်းကမ်း ချက်များချမှတ်၍ ပြန်လည်ထုတ်ချေးခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ သို့ဖြစ်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၁ဝဝ ရယူနိုင်ရေးကိစ္စ အပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါ ရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁ဝဝ ရယူဆောင်ရွက်မည့် ကိစ္စ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်း ကဏ္ဍအရည်အသွေးမြှင့်တင် တည်ဆောက်ရေးလုပ်ငန်း နှင့် ငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာ အဆင့်မြှင့်သင်တန်း ကျောင်းဖွင့်လှစ်ရေး ဆောင်ရွက်ခြင်းအတွက် အမေရိကန် ဒေါ်လာ ၆ သန်းကိုလည်းကောင်း၊ သတင်းအချက်အလက် နည်းပညာစနစ်တည်ဆောက်ခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ရေးဆွဲခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များကို အဆင့်မြှင့်တင် ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂ သန်းကိုလည်း ကောင်း၊ ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း ကိုလည်းကောင်း၊ စီမံကိန်းပူးပေါင်းဆောင်ရွက်သည့် အဖွဲ့တွင်ပါဝင်မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဝန်ထမ်း များကို လေ့ကျင့်သင်တန်းပေးခြင်းနှင့် အရည်အသွေး တည်ဆောက်ခြင်းလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ၂ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ချေးငွေ ရယူရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား တင်သွင်းရာ ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ သည်။
ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ဦးဘိုဘို ငယ်၏အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး ကန့်ကွက် လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
Credit To >>> The Voice Weekly

No comments:

Post a Comment