နောက်ဆုံးပေါ် (Brand New) မော်တော်ယာဉ်များကိုသာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်လိုင်စင် (ပါကင်ပါမစ်) ပေးမည်ဟု မော်တော်ယာဉ် ဈေးကွက်အတွင်း သတင်း ထွက်ပေါ်လျက် ရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။
''ကြားနေတဲ့ အဆင့်ပေါ့နော်။ သေချာတော့ မသိသေးပါဘူး။ အဲဒီလိုဆိုရင် တစ်ဦးချင်းနဲ့ အရောင်းစင်တာသမားတွေ အတွက်တော့ မကောင်းပါဘူး''ဟု မော်တော်ယာဉ် တင်သွင်း ရောင်းချသည့် လုပ်ငန်းရှင် ဦးထွဋ်ထိပ်က ပြောဆိုသည်။
ယင်းသို့ ပြုလုပ်ခြင်းသည် ခွဲခြားဆက်ဆံခြင်း ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေနှင့် ထိုသို့ ပြုလုပ်ဖွယ် မရှိကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင် အချို့က မှတ်ချက်ပေး ပြောကြားသည်။
ရန်ကုန်လိုင်စင် ပိတ်ထားခြင်းသည် ဥပဒေအရ ပိတ်ပင်ထားခြင်း မဟုတ်ဘဲ အမိန့်အရ ပိတ်ပင်ထားခြင်းသာ ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
''ကျွန်တော်ကတော့ သိပ် စိတ်မဝင်စားတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြောလည်း နားဝင်တာ မဟုတ်တော့ ဘာဖြစ်ဖြစ် စိတ်မဝင်စားတော့ဘူး''ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ပြောဆိုသည်။
ရန်ကုန်လိုင်စင် ပါကင်ပါမစ်ကို ယခုနှစ် မတ်လ ၂၅ ရက်နေ့မှစ၍ ပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး ယခုလအတွင်း ရန်ကုန်လိုင်စင် ပြန်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားထားသည်။
Credit To >>> The Voice Weekly
No comments:
Post a Comment