ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည့်အတွက် မုတ္တမ ကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။
မြစ်ဝကျွန်းပေါ်ဒေသ အပါအဝင် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း ဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးအား ပိုလာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
လေထုဖိအား သိသာစွာ ကျဆင်းနေသည့်အတွက် လာမည့် သီတင်းပတ်အတွင်း မုတ်သုံလေ အားကောင်းနိုင်ပြီး ကမ်းရိုးတန်း ဒေသများနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် မိုးအား ပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
ထို့ပြင် ပင်လယ်ပြင်၌ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသက်လေပြင်း ကျရောက်ခြင်းနှင့် လှိုင်းကြီးခြင်း အစရှိသည့် မိုးလေဝသ အခြေအနေများ ဆိုးရွားနိုင်ရာ ကမ်းနီး ကမ်းဝေး ငါးဖမ်း ရေယာဉ်များသည် သတိပြု ထွက်ခွာရန် လိုအပ်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။
မိုးသည်းထန်ခြင်းကြောင့် ဟင်္သာတမြို့တွင် ၂ ဒသမ ဝ၁ လက်မ၊ ထားဝယ်မြို့တွင် ၁ ဒသမ ၉၃ လက်မ၊ ကော့သောင်းမြို့တွင် ၁ ဒသမ ၆၉ လက်မ၊ ကျောက်ဖြူမြို့တွင် ၁ ဒသမ ၂၆ လက်မ၊ ပူတာအိုမြို့တွင် ၁ ဒသမ ၁ လက်မနှင့် စစ်တွေမြို့၊ ဇောင်းတူမြို့နှင့် ရန်ကုန်မြို့တို့တွင် ၁ ဒသမ ဝ၂ လက်မ ရှိခဲ့ကြောင်း အဆိုပါ ဌာန တိုင်းထွာချက်များအရ သိရသည်။
Credit To >>> The Voice Weekly
No comments:
Post a Comment